လျော့(သရော်စာ)

          ငှက်ရိုးတစ်ယောက် ဈေးဝယ်ထွက်သည်။တစ်ယောက်တည်းတော့မဟုတ်…။ငှက်ရိုးရဲ့မမ “မမကြက်ရိုး”နှင့် ဖြစ်သည်။
          ပုံမှန်ဆို ငှက်ရိုးက ဈေးမဝယ်။ ဝယ်လျှင်လည်း ရှော့ပင်းစင်တာများတွင်သာဝယ်သည်။
          ခုတော့ ငှက်ရိုးမမက သူ့ကိုဈေးခြင်းတောင်းမပေးမည့်သူမရှိ၍ ငှက်ရိုးကိုချောဆွဲလာခြင်း ဖြစ်သည်။
          ခုရှုပ်မှနောင်ရှင်းမှာမို့ ငှက်ရိုးကတော့ ကြိုသတိပေးထားသည်။ဈေးခြင်းတောင်းကတော့ ဆွဲပေးမည်။သူလင်နောက်လိုက်လျှင်တော့ “ထမီထုပ်”ကူမဆွဲပေးနိုင် ဟူသတတ်။
          ဤသို့ဖြင့် ဈေးထဲသို့ရောက်လာသည်။ငှက်ရိုးတစ်ချက်ဝေ့ကြည့်လိုက်သည်။ခေါင်းအတော် မူးသွားသည်။
          မနက်ခုနှစ်နာရီသာ ရှိသေးတာမို့ ဈေးဝယ်သူများကတော့ ကျဲပါးနေသည်။(ဒီလောက် လူနည်းတာတောင် ငှက်ရိုးခေါင်းမူးနေတယ်ဆိုတော့ ဒီထက်သာလူများလာလျှင် ငှက်ရိုးတစ်ယောက် ဦးမင်းကျော်နှင့်နင်လားငါလားဖြစ်သွားနိုင်သည်။)
          ထိုဈေးဝယ်သူနည်းနည်းလေးကိုပင် ဈေးသည်များက ဆွဲတော့လွဲတော့မတတ် အပြိုင် အဆိုင်ဈေးခေါ်နေကြသည်။ဥပမာပြောရလျှင် အမဲသားကြီးတစ်တုံးကို ကျီးကန်းများက ဝိုင်းပြီးလုနေ ကြသည့်မြင်ကွင်းနှင့် ခပ်ဆင်ဆင်တူသည်။
          တချို့ဈေးသည်များကတော့ စပယ်ယာဘဝက စုတေလာသူများလားမသိ။ဈေးရောင်းတာ ကိုပင် မှတ်တိုင်အော်သလို တကြော်ကြော်ရွတ်နေသည်။
          “ဘူးသီး၊ခရမ်းသီး၊ဂေါ်ရခါးသီး၊ကြက်ဟင်းခါးသီး၊သခွားသီး လာဟေ့………။ရမယ် ရမယ်။ ဝယ်ရင်လာ ဝယ်ရင်လာ။”
          မဆိုးတော့ မဆိုး။ဆိုင်ပေါ်တွင် မတ်တပ်ရပ်၍တသွယ်၊ဆိုင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍တမျိုး ဈေးခေါ်သည့်ပုံစံက သူများတွေလို လုစရာမလိုပဲ ဖောက်သည်အတော်ရသည်။ မတော်တဆအရင်းပြုတ်သွားလျှင်တောင် စပယ်ယာဝင်လုပ်၍ရသည်။ထမင်းငတ်မှာတော့ မပူရ။
          မဖြစ်တော့ မဖြစ်တော့။ငှက်ရိုးခေါင်းတွေ အတော်မူးလာသည်။ဒီတော့ ဝယ်စရာရှိတာ မြန်မြန်ဝယ်ပြီး အိမ်ပြန်ရမည်။
          ဟော…။တွေ့ပါပြီ။ဝယ်ရန်စာရင်းထဲမှာ နံပါတ်တစ်နေရာကမှတ်ထားသည့်ကြက်သား။
          “မမ…ဟိုမှာ ကြက်သားသည်။ကျွန်တော်တို့ ကြက်သားဝယ်ရမယ်လေ။”
          မမ တစ်ချက်လှမ်းကြည့်လိုက်သည်။ပြီးတော့ ခေါင်းခါသည်။
          “နင့်ရဲ့ကြက်သားက ရေထိုးထားမှန်းသိသာတယ်။ဖြူဖျော့ဖျော့ပွစိစိကြီး။ဗမာကြက်ထဲမှာ အဲဒီလောက်ကြီးတဲ့ကြက်မျိုး နင်တွေ့ဖူးလို့လား။”
          မမပြောတာဟုတ်လောက်သည်။ ကြက်သားက မမပြောသလိုမျိုး ပွစိစိကြီး။
          ပွစိစိဆိုမှ သတိရသည်။ ငှက်ရိုးသူငယ်ချင်းထဲတွင် ချမ်းချမ်းကိုဒေါင်လိုက်တစ်ခြမ်းခြမ်း ထားသော ဘော်ဒီရှိတ်နှင့် ကောင်မလေးတစ်ယောက်ရှိသည်။
          အသားကလည်း မီးသွေးကိုကတ္တရာစေးသုတ်ပြီး မင်အိုးထဲ၃နှစ်လောက် ထည့်စိမ်ထား သလောက်လေးသာညိုသော အသားအရေပိုင်ရှင်ဖြစ်သည်။
          အောင်မာ။မိတ်ကပ်လေးနည်းနည်းပြင်ပြီး သစ်ပင်တစ်ပင်ပေါ်မှာသာတင်ထား။UFOပေါ်က ပြုတ်ကျလာတဲ့ETပဲ။ဒီအတိုင်းကြည့်ရင်းနဲ့တောင် ၇ရက်လောက်အော်ဂလီဆန်နိုင်တဲ့ မျက်နှာပိုင်ရှင်။ နဖူးကပြောင်ပြောင်၊ အရပ်ကငေါက်တက်တက်ကလေး၊ နှလုံးအားမကောင်းလို့ ရင်ဘတ်မှာစက်တပ် ထားရတာကိုတောင်အားမနာ တစ်ခါတစ်ခါမုန့်ဟင်းခါးက ထထရောင်းချင်သေးသည်။
          ဒါကထား…။အဲဒီတစ်ယောက်က ငှက်ရိုးကိုတွေ့တိုင်း ပြောလေ့ရှိသည့် စကားတစ်ခွန်း ရှိသည်။သူမသေခင် တိုက်ဖွိုက်ဖြစ်နေသော တီဘီရောဂါသည်လောက်တော့ ဝချင်သေးသည်ဆိုသည့် အကြောင်းဖြစ်သည်။
          ငှက်ရိုးခင်သော သူငယ်ချင်းမို့ တတ်အားသမျှကူညီပေးချင်သည်။သူ့ကို တစ်နေ့လျှင် ရေ၃စီစီလောက် ထိုးပေးမည်။ကြက်တောင်ပွသည်ဆိုလျှင် လူလည်းဝလာနိုင်သည်။
          ဒီတစ်ယောက်လောက် ကြက်ကန်းတိုးပြီးအဆင်ပြေသွားလျှင်MBBSဆိုင်းဘုတ်ချိတ်မည်။ စေတစ်လုံးပိုင်ရှင်”ဝစေဆရာ ပရော်ဖက်ဆာဒေါက်တာငှက်ရိုး”။
          ကဲ…ဘယ်လောက်နားထောင်လို့ ကောင်းလိုက်တဲ့နာမည်လဲ။ကုတဲ့ရောဂါတွေ မပျောက် တော့ရင်လည်း ကိစ္စမရှိ။အစပိုင်းသာ နာမည်ကောင်းရဖို့လိုသည်။နောက်ပိုင်းကတော့ ရှေ့က နာမည် ကောင်းနှင့် လုပ်စားရုံသာ။
          “ဒုတ်…”
          “အွတ်”
          အတွေးကအတော်လွန်သွားသည်။မမလည်းလက်ညှိုးနှင့် တို့ပြော၍မရသဖြင့် တံတောင် နှင့် ထောင်းလိုက်ပုံရသည်။ထိုတော့မှ စိတ်ကပြန်လည်လာသည်။
          “ဟင် ဟင်…။ဘာလဲ။ဘယ်မှာလဲ။စစ်ဆေးရေးတွေလာပြီလား။”
          တံတောင်နှင့်ထောင်းတာခံလိုက်ရသဖြင့် သွေးရူးသွေးတန်းထမေးသည်။(သြော်…မာဆတ် သွားနေကျ အကျင့်လေးတွေ။)
          အလေ့အကျင့်ရှိသူမို့ ထွေထွေထူးထူးစဉ်းစားမနေ လုပ်နေကျအတိုင်း ယောင်ယမ်းပြီး ဖိနပ်ကို လက်မှာကောက်စွပ်လိုက်သည်။ဈေးခြင်းတောင်းလွတ်ကျသွားသည်။ဖိနပ်ကို ကုန်းပြီးယူလိုက် သဖြင့် အနောက်ကအန်တီကြီးတင်ပါးကို ငှက်ရိုး၏တင်ပါးက သွားမိတ်ဆက်သည်။
          အန်တီကြီးကလည်း ကြောက်အားလန့်အားဖြင့် သူ့ပေါင်၁၇၀ခန္ဓာကိုယ်ကြီးနှင့်မမျှအောင် ပင် ဘေးနားက ကုလားဒိန်အကိုကြီး၏လည်တိုင်ကို ယီးလေးခိုလိုက်သည်။ ထိုအကိုကြီးကလည်း မနိုင်၍လား၊တမင်တကာပဲလားမသိ လွှတ်ချလိုက်သည်။
          “အောင်မလေးဗျ”ဟူသည့် အသံအဆုံးတွင် အနှစ်နှစ်အလလကပိုးမွေးသလိုမွေးခဲ့ရသည့် ထိုအကိုကြီး၏ မုတ်ဆိတ်မွှေးများက ပေါင်၁၇၀အန်တီကြီး လက်ထဲတွင် ကားယားကားယားနှင့် ပါလာကြသည်။
          မမျှော်လင့်သော အခြေအနေမို့ ငှက်ရိုးလည်း အနောက်ကိုလှည့်ပြီး ကပျာကယာ တောင်းပန်လိုက်သည်။ ခြေထောက်၌ပါသောမျက်စိက အသုံးမကျ။ ငှက်ရိုးခြေထောက်တစ်ချောင်းလုံး ဘေးက ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကြီး၏ သံပုရာသီးဗန်းထဲသို့ဝင်သွားသည်။
          ခဏလေးအတွင်း၌ပင် ဈေးအတွင်း၌ အော်သံများ၊ညည်းငြူသံများ၊အာမေဋိတ်သံများ၊ တောင်းပန်သံများနှင့် ဆူညံသွားသည်။
          သိပ်မကြာလိုက်။ဈေးကောက်များ၊မီးသတ်များ၊စည်ပင်များနှင့်စွမ်းအားရှင်လိုလိုလူမိုက်များ ငှက်ရိုးတို့နားသို့ရောက်လာသည်။သူတို့လည်း ဈေးအတွင်း ဆန္ဒပြနေသည် အောက်မေ့၍လားမသိ။ အမောတကောနှင့်ရောက်လာကြသည်။တချို့လက်ထဲမှာဆို ဝါးရင်းတုတ်တွေတောင်ပါသေး။
          မနက်စောစောမှာပင် အတော့်ကိုအာညောင်းသွားသည်။ပါးရိုက်မခံရစေရန် ရောက်လာသူ အကုန်လုံးကို အထင်လွဲမှုသက်သက်ဖြစ်ကြောင်း၊ ဘာမှဖြစ်တာမဟုတ်ကြောင်း ရှင်းပြလိုက်ရ၍ ဖြစ်သည်။
          ဤသို့ဤနှယ် စည်ကားပြီးသကာလ မမနှင့်ငှက်ရိုးတို့ ကြက်ရှာပုံတော် ထွက်ကြ ပြန်သည်။
          “နင့်ကိုငါတံတောင်နဲ့ထောင်းလိုက်တာ အဲဒီလောက်ထိ ဖြစ်သွားမယ်မှန်းမသိခဲ့ဘူးဟယ်။”
          မမက ညည်းညည်းငြူငြူဆိုသည်။
          “ဒါနဲ့ နေပါဦး။မမက ကျွန်တော့်ကို ဘာလို့တံတောင်နဲ့ထောင်းတာလဲ။”
          “နင့်ကိုငါက အသား၊ငါးဝယ်ရင် ချိန်ခွင်ကိုလက်နဲ့ကိုင်ထားတဲ့ ဈေးသည်ဆီမှာ မဝယ်ဖို့ ပြောမလို့ဟေ့။”
          “ဘာလို့လဲမမရဲ့။”
          “ဈေးသည်တွေက ချိန်ခွင်ကိုလက်နဲ့ကိုင်ထားရင် ချိန်ခွင်လျှာကို ထွက်စေချင်တဲ့ဖက် ထွက်အောင်လုပ်လို့ရတယ်လေ။အဲဒီတော့ အလေးချိန်ဘယ်မှန်တော့မလဲ။”
          မောင်ငှက်ရိုးခေါင်းနည်းနည်း ထပ်နောက်သွားသည်။တစ်သက်နှင့်တစ်ကိုယ် ချိန်ခွင်ကို ဒီလိုလုပ်လို့ရသည်ဟု ပထမဆုံးကြားဖူးလိုက်၍ဖြစ်သည်။မဆီမဆိုင် တရားသူကြီးများကိုပင် သတိရ လိုက်သေးသည်။
          သို့နှင့် နောက်တစ်ဆိုင်……။ကြက်သားက ရေထိုးထားဟန်မတူ။အကောင်ကသေးသည်။ ချိန်ခွင်ကလည်း လက်နှင့်ကိုင်မထား ဆိုင်တိုင်တွင်ချိတ်ထားသည်။
          မမကိုလှမ်းပြောလိုက်သည်။မမလည်း စူးစမ်းနေပုံရသည်။
          ထို့နောက် ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။
          “ကြက်သား ဘယ်ဈေးလဲ။”
          ငှက်ရိုးအတော်ပျော်သွားသည်။ ဈေးတောင်မေးနေပြီဆိုတော့ ဤဆိုင်တွင်ဝယ်ဖြစ်ဖို့က သေချာသလောက်ရှိနေပြီ။
          သို့သော် အပျော်တို့က ကြာရှည်မခံ။ မမက မျက်ရိပ်ပြပြီး ဆိုင်ထဲမှထွက်သွားသည်။ ခပ်ဝေးဝေးရောက်တော့မှ ဘာကြောင့်ဆိုတာရှင်းပြသည်။
          “အလေးတွေက ပါးလွှာနေတာပဲဟ။နင်ဝါသနာပါရင် Origamiခေါက်လို့တောင်ရတယ်။”
          ငှက်ရိုး အတော်စိတ်လေသွားသည်။Origamiတောင် ခေါက်လို့ရနေသည့်အလေးဆိုတော့ (အင်း…အတော့်ကို ထူပေလိမ့်မည်။)
          နောက်ဆုံးတော့ မမဝယ်နေကျဆိုင်ဖြစ်သည့် ဈေးအတွင်းပိုင်းသို့ပင်ဝင်၍ ဝယ်ခဲ့ရသည်။ မောတာကတော့မပြောနှင့်။ဆန္ဒပြသူများကိုတောင်မှ ရဲကိုကိုတို့က စေတနာဗလပွထားကာ တချို့ကို မီးသတ်ပိုက်နှင့်ဖြန်းပေးခြင်း၊တချို့ကို ရဲစခန်းတည်းဟူသော အရိပ်အာဝါသအောက်သို့ခေါ်သွားခြင်း စသည့် အပြုအမူများနှင့် အပူဒဏ်သက်သာအောင် ပြုစုပေးသေးသည်။
          မောင်ငှက်ရိုးတို့ကတော့ ဈေးထဲမှာဖြစ်နေ၍ ထီးကလည်းဆောင်းလို့မရ။နေကလည်းပူ။ ဘူဒိုဇာလက်ချက်မိထားသည့် ကျူးကျော်များပမာ……။
          သို့နှင့် ဝယ်ရန်ကျန်သေးသည့် ကန်စွန်းရွက်ထပ်ဝယ်ကြပြန်သည်။
          “ကန်စွန်းရွက်ငါးစည်း”
          မမက သူဝယ်နေကျဆိုင်တွင်ဝယ်သည်။
          ကျသင့်ငွေရှင်းပြီး ဆိုင်ထဲမှပြန်ထွက်မည်အလုပ်…။မမက လက်ကိုအသာကုတ်သည်။
          “ဟဲ့ ဟိုဖက်ကိုကြည့်စမ်း”
          မမက ကျွန်တော်မမြင်ရမှာစိုးသည့်အလား ကြည့်ခိုင်းသည်။
          ဒါမျိုးဆို ငှက်ရိုးတို့က အလွတ်မခံ။လူကနေသည် ပညာကမနေ။ကန်စွန်းရွက်ဆိုင်ထဲ ရောက်ရောက်ချင်း ဟိုဖက်ဆိုင်က ဈေးသည်ကောင်မလေးဆီ အကြည့်က ရောက်ပြီးသား။မျက်လုံးကို က ခရိုနီမျက်လုံး။ဘယ်နေရာအချောင်နှိုက်ရမလဲဆိုတာပဲ ချောင်းနေတာ။(ဝါသနာ ဘယ်လောက်ကြီး လဲဆို ကန်စွန်းရွက်ငါးစည်းဖိုး ၁၀၀၀ပေးရမှာကို ၁၅၀၀ထုတ်ထုတ်ပေးနေတာသာကြည့်။)
          “မမ မကြည့်ခိုင်းခင်ကတည်းက ကြည့်ပြီးသွားပြီမမရဲ့။”
          မမကို ခပ်ကြွားကြွားလေးပြန်ပြောမိသည်။
          “သြော် နင်က ငါမပြောခင်ကတည်းက တွေ့ပြီးပြီပေါ့။ငါ့မောင်လေးကလျင်လိုက်တာ။”
          မမက ချီးမွမ်းသည်။ထို့နောက်.…။
          “ဘာလုပ်နေတာလဲဆိုတာရော သိလား။”
          “သြော်…မမရယ် ဈေးသည်ပဲ ဈေးရောင်းနေတာပေါ့ဗျ။”
          “အင်…နင်ဘာတွေပြောနေတာတုန်း ငှက်ရိုးရယ်။”
          “မမကရော ဘာတွေပြောနေတာလဲ။”
          မောင်နှမနှစ်ယောက် လွဲနေကြ၏။
          “နင်ပြောတော့ ငါပြတာမြင်တယ်ဆို။”
          “အင်းလေ မြင်တယ်လေ။မြင်လို့ပဲ အဲဒီကောင်မလေး အကြောင်းပြန်ပြောနေတာပေါ့။”
          “သေလိုက်ပါတော့ မီးတောက်နှာခေါင်းရယ် ငါက အဲဒီကောင်မလေး အဝတ်တစ်ခုနဲ့ အရွက်တွေ ရေလိုက်ဆွတ်နေကိုပြတာဟဲ့။”
          “ဟုတ်လား။သိပါဘူး။ကျွန်တော်က အဲဒီကောင်မလေးကိုပြတာထင်လို့။စိတ်ထဲမှာတောင် စဉ်းစားမိသေးတယ်။ကောင်မလေးချောချောကို လိုက်ငမ်းနေတယ်ဆိုတော့ မမကLesbianကြီးလား…”
          “ဂေါက်………”
          “အားလား…”
          စကားပင်မဆုံးလိုက် မမလက်ဆစ်က ကျွန်တော်မောင်ငှက်ရိုးခေါင်းပေါ်ရောက်လာသည်။
          လက်ဆကလည်း အတော်ပြင်းသည်။တစ်ခေါက်ဆို ဆိုသလောက်ပင်။မျက်ရည်တွေဝိုင်း နှပ်တွေပါ ထွက်ချင်လာသည်။ဒီဖက်ခေတ်က စစ်ကြောရေးဆိုတာတွေ မရှိလို့တော်တော့သည်။အဲဒီ စစ်ကြောရေးတွေသာရှိသေးလျှင် မမကို လာခေါ်နိုင်သည်။
          ဘာကြောင့်လာခေါ်မလဲ။ခိုင်လုံသော အကြောင်းပြချက်ရှိသည်။
          မမကိုသာခေါ်သွား။ လူတစ်ယောက်ကိုနှိပ်စက်ရန် ကိရိယာတန်ဆာပလာမလို။တော်ရုံလူ လောက်ကတော့ မမကခေါင်းငါးချက်လောက် ခေါက်တာနဲ့တင် သွက်ချာပါဒလိုက်ပြီး လေငန်းပါ တစ်ခါတည်း ဆွဲသွားနိုင်သည်။အဲဒီလောက်ထိ ခေါင်းခေါက်ပညာကျွမ်းပုံ။
          အခုလည်း ပင်ပေါင်ဘောလုံးတစ်လုံးနီးပါးထွက်လာသော ဘုကြီးကို အုပ်ကိုင်ရင်း မမကို မေးရသည်။
          “မမ ဆက်ပြောပါဦး။အဲဒီ ရေစွတ်တာကဘာဖြစ်လဲ။”
          “ဘာမှမဟုတ်ဘူး။အဲဒီရေတွေက ဓာတ်မြေသြဇာရေတွေလား မသိဘူးလို့ ပြောမလို့။”
          ကျွန်တော့်ကို မကျေမချမ်းကြည့်ရင်းပြန်ဖြေသည်။
          “ဘယ်လိုမမ ဓာတ်မြေသြဇာရေ…။ဟုတ်လား။”
          “ဟုတ်တယ်။”
          “ဓာတ်မြေသြဇာရေနဲ့ ဘာလို့ဆွတ်တာလဲဟင်။ဆွတ်မယ့်ဆွတ် ပိုးသတ်ဆေးနဲ့ဆွတ်ရမှာ ပေါ့။အပင်တွေမှာ ဘတ်တီးရိးယားတွေရှိနေရင် ဘယ်လိုလုပ်မလဲ။”
          “သြော်……ဦးနှောက်ရယ်။ကဲ ကဲ ငါပြောပြမယ်နားထောင်။”
          “ဟုတ်”
          “အရွက်တွေဆိုတာ ကြာလာရင်ညှိုးတတ်တယ်လေ။အဲဒီလိုညှိုးသွားတဲ့ အရွက်တွေကို ပြန်လန်းအောင်လုပ်တာ။”
          မမက စိတ်ပါလက်ပါနှင့် ရှင်းပြနေသည်။ငှက်ရိုးကတော့ နားထောင်ရုံသာ။
          “နည်းကတော့ရိုးတယ်ဟ။ဓာတ်မြေသြဇာတစ်မျိုးရှိတယ်။အဲဒီ ဓာတ်မြေသြဇာမှုန့်ကို ရေနဲ့ ဖျော်။အဲဒီရေထဲကို အဝတ်စတစ်ခုထည့်စိမ်။ပြီးရင် ရေညှစ်။အဲဒီအဝတ်စကို ညှိုးနေတဲ့ အရွက်တွေပေါ် တစ်ညအုပ်ထား။မနက်လင်းရင် နင့်အရွက်တွေပြန်လန်းပြီ။”
          ငှက်ရိုးရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။စီးပွားရေးလုပ်ကွက်ကြီး တစ်ခုကိုလဲ တွေ့သွားသည်။
          အရွက်တွေကိုပြန်လန်းအောင် လုပ်တာဆိုတော့ ဂန္ဓမာပန်းတို့၊ သစ္စာပန်းတို့ကိုလည်း ထို နည်းသုံးလို့ရမည်ထင်သည်။
          မမပြောသွားသည့် နည်းကမဆိုး။ဘာမှလည်း အလုပ်မရှုပ်။ထိုဆေးနည်းအတွက် အဝတ် နှင့် ဓာတ်မြေသြဇာသာလိုသည်။မမကို ပြန်မေးပြီး သေသေချာချာ စမ်းသပ်ရမည်။
          အောင်မြင်ပါက TVတွင်ကြော်ငြာထည့်မည်။ကြော်ငြာရာတွင် ပြောရမည့် ဒိုင်ယာလော့ခ်၊ ရိုက်ကွင်းအပြင်အဆင်နှင့် ဆောင်ပုဒ်တွေတောင် ခုကတည်းက စဉ်းစားပြီးသွားချေပြီ။
          ကြော်ငြာမင်းသားက ကျယ်ပြောလှသော ပန်းခင်းကြီးထဲ အေးအေးလူလူ လမ်းလျှောက် လာရင်း အင်မတန်မှ ဂုဏ်ယူဝံ့ကြွားသည့် အသံနှင့်ပြောမည်။
          “ပန်းတွေညှိုးလို့ စိတ်ဓာတ်ကျနေပါသလား။ ပရော်ဖက်ဆာဒေါက်တာငှက်ရိုးရဲ့ အံ့မခန်း ဆေးအဝတ်နဲ့သာအုပ်လိုက်ပါ။မနက်လင်းတာနဲ့ သင့်ရဲ့ပန်း လန်းလန်းဆန်းဆန်းဖြစ်နေတာတွေ့ရမှာပါ။ ပန်းတွေလန်းဖို့ ငှက်ရိုးဆေးအဝတ်နဲ့ အချိန်တစ်ညပဲလိုတယ်နော့……။ငှဲ ငှဲ ငှဲ။”
          ကဲ…ဘယ်လောက်ကောင်းတုန်း။ဆောင်ပုဒ်တွေက ဒီထက်ပိုကောင်းသေးသည်။
          “မြန်မြန်ဝယ်၊မြန်မြန်အုပ်၊မြန်မြန်လန်း”
          “ပန်းကိုပျိုး၊မညှိုးခင်တား”
          “ပန်းအင်အားသည် ငှက်ရိုးမှာသာရှိသည်”
          “နေရာတိုင်းဆောင်ထား၊ငှက်ရိုးဆေးအဝတ်များ”
          ကဲ…မကောင်းဘူးလား။
*   *   *   *   *   *   *   *   *
          နေကအတော်ကိုပူသည်။ ထီးဆောင်းထားတာတောင် နေအရှိန်နှင့် နဖူးတွင် ချွေးတို့က တဒီးဒီး။
          ထို့ကြောင့် ငှက်ရိုး ကုသိုလ်များများလုပ်ရန် ဆုံးဖြတ်လိုက်သည်။ လူ့ပြည်မှာတောင် ဒီလောက်ပူရင် ငရဲတွင်ဒီထက်ပိုပူနိုင်သည်။
          ငရဲအကြောင်းစဉ်းစားမိတော့ ဈေးထဲမှ မြင်ကွင်းများက မျက်လုံးထဲတွင်ပြန်မြင်ယောင် လာသည်။ အားရပါးရ အလေးခိုးနေကြသည့် ဈေးသည်တို့၏ပုံများဖြစ်၏။
          မလွယ် မလွယ်…။ခေတ်ကိုက မခိုးတတ်လျှင် လူရာမဝင်သောခေတ်ဖြစ်နေသည်။ ငှက်ရိုးတို့ဘေးအိမ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ရှင်းသည်။ သူဘုရားရှိခိုးလျှင် ဘယ်တော့မှ အဒိန္နဒါနနဲ့ မုသာဝါဒကိုထည့်မဆို။ လူကြီးလုပ်ရတာမဟုတ်လား။ ဒီလောက်ကတော့ ဖြစ်သင့်သည်။
          ဘာပဲပြောပြော (သူများခိုးတိုင်းလိုက်မခိုးသည့်) အများနည်းတူ မိုးခါးရေမသောက်သည့် အချို့သူများကိုတော့ ငှက်ရိုးလေးစားသည်။ဒီနေ့မမဝယ်နေကျ ဈေးသည်တို့လိုမျိုး လူများဖြစ်သည်။
          ချီးကျူးလိုစိတ်က ထိန်းမနိုင်စွာဖြင့် နှုတ်မှစကားလုံးအချို့ထွက်ကျလာသည်။
          “မမရယ် မမဝယ်နေကျဈေးသည်တွေကိုတော့ ကျွန်တော်လေးစားတယ်ဗျာ။”
          “ဟဲ့ ဆိုင်းမဆင့်ဗုံမဆင့် ဘာထဖြစ်တာလဲဟ”
          “သြော် မဟုတ်ပါဘူး။မမဝယ်နေကျ ဈေးသည်တွေလိုမျိုး သူများခိုးတိုင်း လိုက်မခိုးကြတဲ့ သူတွေကို ကြည်ညိုလို့ပါ။”
          ငှက်ရိုးစကားကြားတော့ မမထရယ်သည်။
          သူမရယ်တာကအခြားမိန်းကလေးများလို ခိုးခိုးခစ်ခစ်မဟုတ်။ပါးစပ်ကြီးဖွင့်ကာ ဖွင့်ကာနှင့် အားရပါးရရယ်ခြင်းဖြစ်၏။ဝါးလုံးကွဲရယ်သံဆိုတာ သူမှအစစ်။
          ခုလဲ သူမရယ်သံက ဘယ်လောက်အထိ ကျယ်သွားလဲတော့မသိ။ မျက်နှာချင်းဆိုင်က စောင်းငန်းစောင်းငန်းနှင့်လျှောက်လာသည့် ခွေးဝဲစားတစ်ကောင်ကိန်ခနဲအော်ကာလှည့်ပြေးသွားသည်။
          လက်ဖက်ရည်ဆိုင်က သီချင်းသံကို သူမရယ်သံကလွှမ်းသွားသည်။ ရေဒီယိုမိန့်ခွန်းထက် ပိုမိုစိတ်ပျက်စရာကောင်းသည့် ငှက်ဆိုးထိုးသံကြီးကိုကြားလိုက်ရသဖြင့် လက်ဖက်ရည်ဆိုင်အတွင်းမှ ခေါင်းများက လမ်းမဖက်သို့ မတိုင်ပင်ပဲပြိုင်တူလှည့်လာကြသည်။
          အကြော်ဆိုင်ထဲမှလူများကတော့ သူတို့ဆိုင်ထဲ လက်နက်ကြီးကျသည်ဟု အောက်မေ့၍ လားမသိ မြောင်းဘေးနားတွင်ဝပ်နေကြသည်။
          ဘတ်စ်ကားတစ်စီးက သူတို့ကားကို မော်တော်ပီကယ်ဖမ်းသည်ထင်၍ ကျွီခနဲရပ်လိုက်၏။ အနီးရှိမော်တော်ပီကယ်ကတော့ သူ့ခရာကို ပါးစပ်ထဲထည့်ကာ တပြွတ်ပြွတ်နှင့်စုပ်နေပြီး လက် နှစ်ဖက်ကလည်း သူ့ခေါင်းမှဆံပင်များကို ပယ်ပယ်နယ်နယ်ဆွဲနှုတ်နေသည်။
          ဤသို့ကမ္ဘာပျက်မတတ် ဝရုန်းသုန်းကားဖြစ်အောင် အားရပါးရရယ်ပြီးမှပင် မမခမျာ ကျွန်တော့်ကို စကားပြန်ပြောသည်။
          “ဟဲ့…ငါဝယ်တဲ့ဈေးသည်တွေကရော မခိုးဘူးလို့ဘယ်သူပြောလဲ။တစ်ဈေးလုံးထက်စာရင် သူတို့ကသိပ်မခိုးလို့ ငါဝယ်တာဟဲ့။”
          ထိုတော့မှပင် ငှက်ရိုးဘောပေါက်တော့သည်။
          မှန်၏။ခေတ်ကိုကပင် မခိုးတတ်က လူရာမဝင်သောခေတ်ဖြစ်၏။ထို့ကြောင့် ငှက်ရိုးလည်း လူတောတိုးနိုင်ဖို့ ကြိုးစားရမည်။ပထမဦးဆုံးခြေလှမ်းအဖြစ် ယခုဈေးစာရင်းကို အိမ်တွင်စာရင်းလိမ်ရန် ငှက်ရိုးကြံထားသည်။
          အစကောင်းလျှင် အနှောင်းသေချာသည်။စံချိန်စံညွှန်းမှီမှီခိုးတတ်သွားလျှင် ငှက်ရိုးလည်း တစ်နေ့တော့ ဝန်ကြီးဖြစ်လာနိုင်သည်။

ပရော်ဖက်ဆာ ဒေါက်တာငှက်ရိုး
(၃၁.၁၂.၂၀၁၄)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s