သူမ

မှော်ဆရာရဲ့ စုတ်ချက်တွေအောက်
သူမတစ်ယောက်ကတော့
ကျော့ကျော့ရှင်းရှင်းနဲ့ ပျောင်းနွဲ့လွန်းလှတယ်။

လေတိုက်တိုင်းယိမ်းနွဲ့…။
သူမရဲ့ ဆံနွယ်တွေကြား
တစ်ဘဝစာ ပုံထားမိချင်တာလဲ
ကျွန်တော့်အပြစ်တော့ မဟုတ်လေဘူးပေါ့။

ကြယ်အစင်းစင်းမြေခလို့
နေအစင်းစင်းကြွေကြသည့်တိုင်
သူမပါးပြင်နှစ်ဖက်ကြောင့်
ကျွန်တော့်ရက်စွဲတော်တော်များများမှာ
လမင်းနှစ်စင်း အပြိုင်လင်းဖူးရဲ့။

တစ်ခါတစ်ရံမှာ သိမ်မွေ့တယ်။
တစ်ခါတစ်ရံမှာ ခက်မာတယ်။
တစ်ခါတစ်ရံဆို ပျော့ညံ့သလောက်
တစ်ခါတစ်ရံကျ ရဲဝံ့တယ်။

ကောင်မလေးရယ်……………။
အရှင်းလင်းဆုံးပြောပြရရင်
နင်ဟာ သီအိုရီထုတ်လို့မရတဲ့ဘာသာတွေထဲက
အနက်ရှိုင်းဆုံး သမုဒ္ဒရာတစ်စင်းပဲဖြစ်ပါတယ်။

နားမလည်နိုင်ခြင်းပေါင်း မြောက်များစွာအောက်
ကျွန်တော်တို့နှစ်ယောက်………
ဒူးထောက်လို့ ရောက်ရှိခဲ့တယ်။
ပန်းတစ်ပွင့်ဘာကြောင့်ကြွေလဲမသိပေမယ့်
သူ့ရဲ့ ရှင်သန်ခဲ့မှုအတွက်တော့
လိုလိုလားလား ကောင်းချီးပေးပါတယ်။
ဒီလိုပါပဲ……………။
မစားကောင်းတဲ့သစ်သီးကို
ဘယ်သူကများ စပြီးလက်ဆော့ခဲ့သလဲ။
သေချာတာတစ်ခုကတော့
ကျွန်တော်တို့နှစ်ယောက်လုံး
ချိုမြိန်စွာနဲ့ အဆိပ်သင့်နေကြတယ်။

တခန်းတနားနဲ့……………
ဆန်းပြားလှတယ်ရယ်တော့မဟုတ်ပါဘူးလေ။
ဂန္တဝင်နန်းပုရပိုက်မှာ
ပန်းအက္ခရာတို့နဲ့မှုန်းစီခြယ်
သူမရဲ့သုံးလုံးတည်းသောနာမည်ကို
ခေတ်အဆက်ဆက်ဥဒါန်းကျူးရင့်စေ့မယ်။

ဖိတ်တစ်ဝက်၊စင်တစ်ဝက်နဲ့
ကောင်းကင်ထက်က လျှံကျလာတဲ့
ငါ့ရဲ့ ကြယ်ကြွေသတို့သမီးရယ်……။
(ဒီတစ်ညလဲ) သံစဉ်တစ်ဆုပ်ကိုထမ်းပိုး
တိုးတိုးတိတ်တိတ်လေးပဲ
အိပ်မက်ထဲကိုဝင်လာခဲ့ပါဦးကွယ်။

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s