ကျွန်တော်နှင့်ကတုံး(သရော်စာ)

          ခုတလော အွန်လိုင်းပေါ်တွင် အတော်ဆူဆူညံညံကြားနေရသည့် သတင်းတစ်ခုရှိသည်။
          တခြားတော့မဟုတ် အိမ်တစ်လုံးကို အသာကလေးခုန်ကျော်နိုင်သည့် လူတစ်ယောက် အကြောင်းဖြစ်သည်။
          တချို့တွေကတော့ သူခိုးဟုပြောကြသည်။ တချို့ကျတော့ ကဝေထုံကူးသည်ဟု ဆိုပြန် သည်။ ငှက်ရိုးကတော့ သူ့ဖာသာသူ သူခိုးပဲဖြစ်ဖြစ်၊ ကဝေထုံကူးသူပဲဖြစ်ဖြစ် အတော်ကိုစိတ်ဝင်စားမိ သည်။
          စဉ်းစားကြည့်……။ လူတစ်ရပ်စာကိုတောင် မနည်းခုန်ကျော်နေရသည့် မနုဿလူသားများ အတွက်တော့ အိမ်တစ်လုံးကို သာသာယာယာ ခုန်ကျော်ဖို့ဆိုတာ အတော်ကိုမလွယ်ကူသည့် ကိစ္စဖြစ်၏။
          ငှက်ရိုးကတော့ ဒီကိစ္စကို နိုင်ငံတော်က အသေအချာကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ထင်မိသည်။ လက်နက်ခဲယမ်းမပြည့်စုံသည့်ခေတ်တုန်းကတောင် ဗျတ်ဝိကိုထောင်ချောက်ဆင်ပြီး ဖမ်း လို့ရခဲ့သည်ပဲ။ ခုလိုနည်းပညာဖွံ့ဖြိုးနေသည့်ခေတ်မှာတော့ ယခုကိစ္စက အတော်ကိုလွယ်လွန်းသည် ဟု ငှက်ရိုးယူဆသည်။
          ဖမ်းလို့ရခဲ့လျှင် ငှက်ရိုးကတော့ ဒီလူ့ကို တိုက်တစ်လုံး၊ကားတစ်စီး အရင်ပေးလိုက်မည်။ ဘောလုံးပွဲတွေ များများကြည့်ခိုင်းမည်။အားကစားပိုင်းကို စိတ်ဝင်စားလာစေရန် မက်လုံးမျိုးစုံပေးမည်။
          သူလိုလူမျိုးက နည်းပြများနှင့်တောင် လေ့ကျင့်စရာမလို…။ မောင်မင်းကြီးသားကသာ စည်းကမ်းချက်များကို အသေအချာနားလည်သွားလျှင်  မြန်မာနိုင်ငံကိုယ်စားပြုစာတန်းပါ စလွယ် လွယ်စေ၍ အိုလံပစ်ပြိုင်ပွဲထဲ လွှတ်ပေးလိုက်ရုံသာ…။
          အပြေးပြိုင်ပွဲဆိုလဲ ကိုယ်တော်ချောပထမ၊ တုတ်ထောက်ခုန်ပြိုင်ပွဲဆိုလဲ သူပဲရွှေတံဆိပ် ရဖို့သာရှိ၏။ ဒါတောင် အကျဉ်းချုံးမို့လို့ ဒီလောက်သာပြောသည်။ ဒီထက်မက စာတစ်တန်ပေတစ်ဖွဲ့ ရေးမည်ဆို ရေး၍ရသေးသည်။
          ဒီလောက်တောင် စွမ်းနေသည့်တိုင် သူကဝတ်လစ်စလစ်နေသည်ဟုဆိုသည်။ ဘောင်းဘီ တစ်ထည်၊ အကျီင်္တစ်ထည်ရဖို့လောက်ကတော့ သူ့အစွမ်းနှင့်ဆို လွယ်လွယ်လေးဖြစ်သည်။
          ဒါတောင်မှ သူကအဝတ်မဝတ်ဘူးဆိုတော့ ငှက်ရိုးတွေးရ အတော်ကြပ်နေသည်။ အဝတ် လျှော်ဆပ်ပြာမှုန့်ဖိုး မတတ်နိုင်၍ အဝတ်အစားမဝတ်ခြင်းဖြစ်နိုင်သည်။ ပြောလို့မရနိုင်…။ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကို တစ်ထောင့်တစ်နေရာမှနေ၍ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်နေခြင်းဟုလည်း ယူဆလို့ ရပြန်သည်။
          ဒါမှမဟုတ် Sexy modelဇွန်သဉ္ဇာ၊ဇာဇာထက်တို့ကို role model တင်ထားသူတစ်ဦးလဲ ဖြစ်နေနိုင်သည်။ ဇွန်သဉ္ဇာတို့က တစ်ဝက်တစ်ပျက်ဖော်သည်။ Sexyကျကျ ဓာတ်ပုံတွေရိုက်သည်။ တစ်ဖြည်းဖြည်းနှင့် သူတို့နာမည်ရလာသည်။ အွန်လိုင်းပေါ်တွင် သူတို့နာမည်များ ပလူပျံလာသည်။ ခု ဆို သူတို့နာမည်ကြီးသွားချေပြီ။
          အသေအချာပြောလို့တော့မရ……။ ဒီကတုံးကလည်း ဇွန်သဉ္ဇာတို့၏အောင်မြင်မှုအပေါ် နောက်ကွယ်မှ ဂုဏ်ယူနေနိုင်သည်။ မိန်းမမှ၊ယောက်ျားမှမဟုတ်။ ကိုယ်သာsexyကျကျနေတတ်လျှင် Sponsorဆိုသည်မှာ နောက်မှကပ်ပါလာလိမ့်မည်ဟု ခံယူထားသူတစ်ဦးလည်း ဖြစ်နေနိုင်သည်။
          ထို့ကြောင့် ဆရာထက်တပည့် လက်စောင်းထက်စေရန် ဇွန်သဉ္ဇာတို့ တစ်ဝက်တစ်ပျက် ဖော်နေချိန်တွင် သူကတော့အကုန်ဖော်လိုက်ဟန်တူသည်။
          သတင်းတစ်ခုမှာတော့ တွေ့ခဲ့ရသည်။ သူက မိန်းကလေးများရှိသည့် အိမ်သို့သာတက်၍ မိန်းကလေးများအခန်းထဲသို့သာ ဝင်သည်ဟုဆိုထားသည်။ နောက်တစ်ချက်ပြောရလျှင် လူက ကတုံး။
          ခုတလော ခေတ်စားနေသည့် ဆံပင်ပုံစံများမှာ အရှည်ဖြစ်သည်။ အပြောင်သိမ်းသည့် Pee makဆံပင်ပုံတောင်မှ ဘေးဖက်ကိုသာသိမ်းခြင်းဖြစ်သည်။ ထို့ကြောင့်ခေတ်နှင့်အညီရင်ပေါင်တန်း သည့်အနေနှင့် ကတုံးတုံးခြင်းတော့မဟုတ်တန်ရာ….။
          ဒါဆို ဦးဇာဂနာတို့လို ထောင်ထဲခဏခဏ ဝင်ရထွက်ရသဖြင့် ကတုံးခဏခဏ အတုံးခံ ရကာ ဆံပင်ပြန်မပေါက်လာသူပင်လော။ ဒါတော့ ဖြစ်နိုင်ချေရှိသည်။ တစ်ခုတော့ကွာသပေါ့လေ။ ဟိုကနိုင်ငံရေးအကျဉ်းသား သူကတော့ (ခုလက်ရှိအကျင့်များကိုထောက်ရှုရလျှင် တခြားအမှုတွဲများ ကြောင့်တော့ လုံးဝမဖြစ်နိုင်။) မုဒိန်းမှု၊ ကာယအိနြေ္ဒပျက်ပြားစေမှု၊ ကာမလိမ်လည်ရယူမှု စသည့်အမှု များကြောင့် ထောင်ကျဖူးသူသာ ဖြစ်လိမ့်မည်။
          မည်သို့ပင်ဆိုစေ…။ လူတိုင်းကတော့ သံပုရာသီးများ အလုအယက်ဝယ်နေကြပြီဖြစ်သည်။ ဘယ်သူကစထွင်လိုက်မှန်းတော့မသိ…။ကဝေကိုသံပုရာသီးနှင့်ပေါက်လျှင် ကဝေကြောက်သည်ဟုယူဆ နေကြသည်။
          ဒီစကားကြားတော့ ကဝေဆိုသူများကို ငှက်ရိုးအတော်သနားသွားသည်။ ဒီလောက် နှစ် အကြာကြီး ကျင့်ကြံလာပြီးမှ ဘာမဟုတ်သည့် သံပုရာသီးလေးမြင်တာနှင့် အမြီးကုပ်နေရမည့်အဖြစ်။ သူတို့အစား ငှက်ရိုးအတော်ရင်နာရပါလေသည်။
          နောက်ပြီး သံပုရာသီးကိစ္စကလည်း စဉ်းစားမည်ဆိုလျှင် နည်းနည်းကြီးကြီးကျယ်ကျယ် နိုင်သည်။
          (ဘယ်အသီးက စပေါ်သည်ဆိုတာတော့မပြောတတ်) သံပုရာသီးနှင့်ရှောက်သီးဆိုသည်မှာ ကမ္ဘာ့ရန်များပင်ဖြစ်သည်။စီးပွားရေးစကားနှင့်ပြောရလျှင် ၄င်းတို့မှာအစားထိုးကုန်စည်များဖြစ်ကြသည်။ ဟင်းချက်ရာတွင် သံပုရာသီးအစား ရှောက်သီးသုံးလို့ရသကဲ့သို့၊ ရှောက်သီးအစား သံပုရာသီးလည်း သုံးလို့ရသည်။ ဒီလောက်အဝေမတည့်ရတဲ့ကြားထဲ နောက်ပေါက်ဖြစ်သည့် သံပုရိုသီးများကပါ ဝင်လာ သေးသည်။
          ထိုသို့အသီးများက ကမ္ဘာ့ရန်ဖြစ်သည့်အလျောက် အသီးသည်များကလဲ ကမ္ဘာ့ရန်ဖြစ်သွား ကြသည်။ ယခုကဲ့သို့ ဈေးကွက်စီးပွားရေးစနစ်တွင် ဈေးကွက်အားပြိုင်မှုများသည် အမြဲတမ်းရှိနေတတ် သည်ဖြစ်ရာ မိမိတို့၏ အရောင်းအင်အားများ တဟုန်ထိုးထိုးတက်ရန်အတွက် “မြန်မာနိုင်ငံလုံးဆိုင်ရာ သံပုရာသီးသည်များအသင်း”မှ လုပ်ကြံသည့် ဝါဒဖြန့်ချက်တစ်ခုပင်လောဟုလည်း အတွေးပွားရ ပြန်သည်။
          သူများတွေဘယ်လိုပြောပြော ငှက်ရိုးကတော့ သံပုရာသီးမဆောင် ဒူးရင်းသီးသာ ဆောင် သည်။ သံပုရာသီးကအလုံးသေးသည်။ အကြီးဆုံးဆိုတာတောင် လက်တစ်ဆုပ်စာပဲရှိသည်။နောက်ပြီး အလေးချိန်လည်းမစီး။ ဒူးရင်းသီးကတော့ ထိုသို့မဟုတ်။ အလေးချိန်စီးသည်။ ဆူးရှိသည်။ အားရှိပါးရှိ ချလိုက်ရလျှင် အတော်အီဆိမ့်သွားလိမ့်မည်။ ခံရသူကတော့ မသက်သာလောက်ပေ။
          ကဝေလည်းမဟုတ်၊ ထောင်ထွက်လည်းမဟုတ်ပဲ နာမည်ကြီးချင်၍သာ လုပ်သည့်သူဆို လျှင်တော့ ငှက်ရိုးအကြံတစ်ခုပေးချင်သည်။
          (ငှက်ရိုးကတော့သိပ်မသိ) MRTV-4ကနေပြတတ်သည့် အစီအစဉ်တစ်ခုရှိသည်။ နာမည် က Myanmar gots talentsလို့တော့ထင်သည်။
          ထိုသို့ သွားရန်ဖြစ်သည်။
          ယခုလိုမျိုး ဟိုအိမ်တက်ဒီအိမ်တက်လုပ်ခြင်းက အန္တရာယ်များသည်။ မတော်…မိသွားပါက သူခိုးဆိုပြီး ဝိုင်းနှိပ်လိုက်မယ့်ဖြစ်ခြင်း။ ကျန်တဲ့နေရာများတွင်တော့မသိ။ ဆွမ်းကြီးဝင်လောင်းရမည်ဆို လျှင်တော့ ငှက်ရိုးတို့လူမျိုးက လက်မနှေးတတ်။
          ဆိုတော့…။ ထိုအစီအစဉ်တွင်သွားပြိုင်လျှင် ဆုလည်းရမည်၊TVထဲလည်းပါရမည်။ သူများ တွေက အဝတ်အစားချုပ်ရလို့ ငွေကုန်ကြေးကျရှိသော်လည်း အဝတ်အစားမဝတ်သူအတွက်တော့ ရ သမျှ အမြတ်ချည်းသာဖြစ်၏။
          TVဆိုတော့ လူပိုကြည့်သည်။ ကိုယ့်အပြင်အဆင်နှင့်ဆို ပုံနှိပ်မီဒီယာများပေါ်တွင်လည်း ယခုထက်မက ဟိုးလေးတကျော်ဖြစ်လိမ့်ဦးမည်။ ဒီကြားထဲ ကိုယ့်ရဲ့Sexyကျကျ ကိုယ်နေဟန်ထားကို တွေ့သွားပြီး Sponsorပေးမည့်သူများလည်း ဝိုင်းလာနိုင်သည်။
          ငှက်ရိုးအကြံကို သဘောကျ၍ ကတုံးလက်သစ်များပေါ်လာလျှင်တော့ ငှက်ရိုးဝမ်းသာ မိမည်။ Sponsorကိစ္စအဆင်ပြေ၍ ကြီးပွားသွားမှ ငှက်ရိုးကိုဥာဏ်ပူဇော်ခပေးဖို့ မမေ့ရန်သာလို သည်။ လောလောဆယ်တော့ ငှက်ရိုးတစ်ယောက် အလုပ်ပြောင်းပြီး သံပုရာသီးလည်ရောင်းရ ကောင်းမလား စဉ်းစားနေသည်…။

ပရော်ဖက်ဆာဒေါက်တာငှက်ရိုး
၂၄.၂.၂၀၁၅

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s