ဂျင်

          ငယ်ငယ်တုန်းက သိပ်ကစားချင်ခဲ့တဲ့ ကစားနည်းတစ်မျိုးပေါ့။အရစ်လေးတွေအတိုင်း ကြိုး လေးနဲ့ပတ် မြေကြီးပေါ်ပေါက်ချပြီး ကစားကြည့်ချင်ခဲ့တာပါ။
          ဒါပေမယ့် အိမ်ကလူကြီးတွေက စိတ်မချကြဘူး။ သံတွေပါတယ်ဆိုတော့ တစ်ခုခုထိခိုက် မှာကို သိပ်စိုးရိမ်ကြတယ်လေ။ ဒီတော့ ကျွန်တော့်ခမျာ ရပ်ကွက်ထဲက တခြားသူတွေပေါက်တာကိုပဲ မက်မက်မောမောနဲ့ အမြဲတမ်းငေးကြည့်ခဲ့ရပါတယ်။
          ဒီလိုနဲ့ ကျွန်တော်ကလေးဘဝကို လွန်မြောက်လာခဲ့တယ်။ ရပ်ကွက်ထဲမှာလည်း ဂျင်ပွဲ လေးတွေက တစ်စတစ်စရှားပါးလာခဲ့ပါတယ်။အရင်ကလို မြေလမ်းလေးတွေမဟုတ်တော့ ဂျင်ပေါက်ဖို့ အဆင်မပြေတော့လဲ ပါမှာပေါ့လေ။
          ဘာပဲပြောပြော ငယ်ငယ်တုန်းက တမင်းမေ့ဟင်းမေ့ သိပ်ကစားချင်၊ပေါက်ချင်ခဲ့တဲ့ဂျင်က အခုကျွန်တော့်စိတ်ထဲမှာ အမှတ်ထင်ထင် မရှိတော့တာကတော့အမှန်…။
          တစ်နေ့…။အကိုတစ်ယောက်က သူနဲ့အတူ ထုံးဘိုဖက်ကို အဖော်လိုက်ပေးဖို့ အကူအညီ လာတောင်းပါတယ်။ ဒါနဲ့ဘယ်နေရာလဲသိချင်လို့ လိပ်စာတောင်းကြည့်တော့မှ သူသွားရမယ့်နေရာက မြို့ပြင်ဖက်တော်တော်ကျမှန်း သိလိုက်ရတယ်။
          ပထမတုန်းကတော့ ငြင်းမလို့ပါပဲ။ ဒါပေမယ့် သူ့ခမျာအလုပ်ကိစ္စနဲ့သွားရမှာလဲ ဖြစ်နေ ပြန်၊ ကိုယ်ကလဲ ထုံးဘိုဖက်ကို ကျွမ်းကျင်နေတော့ အဲဒီအကိုကို လိုက်ပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။
          ပေးထားတဲ့လိပ်စာအတိုင်း ၂ယောက်သားသွားကြတော့ နေ့လည်၁နာရီသာသာလောက် ရောက်ပါတယ်။ ပြောတော့သာထုံးဘိုလို့ပြောရတာပါ။ ထုံးဘိုမြို့ပေါ်တော့ မဟုတ်ပါဘူး။ ရွာတွေရှိတဲ့ ဖက်အထိတောင် ရောက်သွားတယ်။
          နေ့လည်စာစားသောက်ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့အကိုက အိမ်ရှင်ဦးလေးကြီးနဲ့ အ လုပ်ကိစ္စဆွေးနွေးပါတယ်။ ကျွန်တော်ကတော့ အိမ်ပေါ်ဆက်နေလဲ အလုပ်မရှိမယ့်အတူတူ အိမ်ရှင် အဒေါ်ကြီးကို အသိပေးပြီး ရွာရိုးကိုးပေါက် လမ်းထွက်လျှောက်ပါတယ်။
          ရွာဆိုပေမယ့် သူ့ဟာနဲ့သူတော့ ခေတ်မီတယ်လို့ဆိုရမှာပါ။ စွမ်းအင်အတွက် လျှပ်စစ်မီး ရှိတယ်၊ သယ်ယူပို့ဆောင်ရေးအတွက် တစ်အိမ်ကို ဆိုင်ကယ်တစ်စီးလောက်ရှိတယ်။ မြို့နဲ့မတူတာဆို လို့ နှစ်ရှည်အပင်ကြီးတွေအရမ်းပေါတာတစ်ခုပါပဲ။ ဘယ်လောက်အထိပေါသလဲဆိုကျွန်တော်လျှောက် လာတဲ့ လမ်းတစ်လျှောက် နေပျောက်က ကွက်တိကွက်ကြားလေးပဲ ထိုးပါတယ်။
          ဒီလိုနဲ့ တစ်နေရာအရောက်မှာတော့ ကျွန်တော်အချိန်အကြာကြီး မေ့နေခဲ့တဲ့ ကစား နည်း တစ်မျိုးက ဦးနှောက်ထဲပြန်ဝင်လာပါတယ်။
          ဟုတ်ပါတယ်…။ ကောင်လေးနှစ်ယောက် ဂျင်ပေါက်နေကြတယ်။ ညီအကိုတွေ ဖြစ်မယ့်ပုံ ပါပဲ။ ရုပ်ချင်းတွေက ခပ်ဆင်ဆင်ရယ်။ ဒါနဲ့စိတ်ဝင်စားလို့ အနားကပ်စပ်စုမိတော့ အကိုကညီကို ဂျင်ပေါက်ပုံပေါက်နည်း သင်ပေးနေတာပါ။
          အကိုကတော့ လက်သားကျနေပြီဆိုတော့ ပေါက်လိုက်တာနဲ့ မွတ်မွတ်လည်ပါတယ်။ ညီ ကတော့ ခုမှစပေါက်သူဆိုတော့ ဂျင်ခမျာမလည်ချင်လည်ချင်နဲ့ လည်နေရပါတယ်။
          ဒီမှာတင် ကျွန်တော်သတိထားမိတာက လက်သားကျသူ ပေါက်တဲ့ဂျင်ဟာ အရှိန်သေရင် နဂိုနေရာမှာပဲရှိပါတယ်။ ကျင့်သားမရသူ ပေါက်တဲ့ဂျင်ကတော့ စောင်းငန်းစောင်းငန်းနဲ့လည်ပြီး ဟိုဟို ဒီဒီတွေ ရောက်ကုန်ပါတယ်။
          ဒီကိစ္စလေးနဲ့ပတ်သက်လို့ စဉ်းစားမိတယ်။
          ဂျင်လုံးလေးတွေကို ဘဝလေးတွေလို့ သဘောထားကြည့်ပါ။ တချို့သူတွေကတော့ ထိန်း လို့ရပြီး၊တချို့သူတွေကတော့ ဘာလို့ထိန်းလို့မရတော့တာလဲ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရော ရုပ်ရှင် တွေထဲမှာရော ခဏခဏကြားဖူးကြမှာပေါ့။ ငယ်တုန်းရွယ်တုန်း၊ ရူးတုန်းမိုက်တုန်းတော့ လုပ်လိုက်ကြ တာပဲ။ပြီးတော့မှ နောင်တတွေရ၊ ဘဝတွေပျက်တဲ့ အဖြစ်အပျက်မျိုးတွေ……။ဒါတွေဟာ ဘာကြောင့် ဖြစ်ရတာပါလဲ။ ကျွန်တော်ထင်တာကတော့ အဖြေဟာ ဂျင်ကိုင်တဲ့လက်ထဲမှာပဲ ရှိပါလိမ့်မယ်။
          လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဖက်စုံထောင့်စုံမှာ လူတိုင်းဟာ (ရာနှုန်းပြည့်)မှားဖို့ အခွင့်အလမ်းတွေရှိနေပါတယ်။ စာရေးသူဖြစ်တဲ့ ကျွန်တော်ပဲဖြစ်ဖြစ်၊ ဒီစာကိုဖတ်နေတဲ့ စာဖတ်သူ တစ်စုံတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့။ ဒါကလည်း ကျွန်တော်တို့အပြစ်တော့မဟုတ်ပါဘူး။ ပုထုဇဉ်ပီပီ လူမှု ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လို့မရသမျှတော့ ဒီပတ်ဝန်းကျင်မှာပဲ အလိုက်တသင့်စီးမျောကြရမှာပါ။ ဒီ အခါ၊ မှားယွင်းဖို့အခွင့်အလမ်းတွေကို ကံကြမ္မာက ရက်ရက်ရောရော ချပေးလာတဲ့အခါ ကျွန်တော်တို့ အားလုံး ရှောင်နိုင်တိမ်းနိုင်ကြဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုရှောင်တိမိးနိုင်ဖို့အတွက်ကိုလည်း ကျင့်သားရ အောင် ကြိုတင်ပြင်ဆင်ထားရမှာပါ။
          ဒီနေရာမှာ ကျွန်တော့်ရဲ့ငယ်ဘဝအတွေ့အကြုံလေးကို နည်းနည်းပြောပြပါရစေ။ ၃တန်း လောက်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်အိမ်ပြောင်းတော့ ကျောင်းအသစ်မှာတက်ရတယ်။ ပထမဆုံး ကျောင်းတက်ရက်ဆိုတော့ နည်းနည်းအူတိအူကြောင်ပေါ့။ သူများတွေက သူငယ်ချင်းတွေတွေ့လို့ ပွေ့ ကြဖက်ကြ နှုတ်ဆက်နေတဲ့အချိန်မှာ ကျွန်တော်တစ်ယောက်တည်း မျက်စိသူငယ်နားသူငယ်။
          ဒါပေမယ့် ထူးထူးခြားခြား ယောက်ျားလေးတစ်ယောက်က ကျွန်တော့်ကိုလာနှုတ်ဆက်ပါ တယ်။စကားတွေပြောကြရင်း တော်တော်ရင်းနှီးသွားတာပေါ့။ရှင်းရှင်းပြောရရင် သူဟာကျောင်းအသစ် မှာ ပထမဦးဆုံး ကျွန်တော်ရင်းနှီးခင်မင်ခဲ့ရတဲ့ သူငယ်ချင်းပါ။
          သူကစာတော်တယ်။ လစဉ်တိုင်းလိုလို သူ့အဆင့်က၁နဲ့၅အတွင်းမှာရှိပါတယ်။ လိမ္မာတဲ့ သူလည်းဖြစ်တော့ ဆရာမတွေက သူ့ကိုအရမ်းချစ်ကြတယ်။ ၁နှစ်၊၂နှစ်လောက်ကြာတော့ သူတို့ မိသားစု အိမ်ပြောင်းကြတယ်။ ကလေးငယ်ငယ်လေးတွေလဲဖြစ်၊ ဖုန်းတွေ အင်တာနက်တွေကလည်း အဲဒီတုန်းက သိပ်ခေတ်မစားသေးတော့ ကျွန်တော်တို့ဝေးသွားကြတယ်။
          ဒီလိုနဲ့၁၀တန်းအောင်တော့ တက္ကသိုလ်မှာ သူ့ကိုပြန်တွေ့တယ်။(ဒီတစ်ကြိမ်မှာလဲ သူကပဲ စနှုတ်ဆက်လို့သိတာပါ။) ပထမကတော့ဘယ်သူမှန်းမသိဘူး။ သူ့ဖက်ကစနှုတ်ဆက်လို့ ကိုယ့်ဖက်က ပြန်နှုတ်ဆက်ရုံ။ နောက်ပိုင်းသူ့ရုပ်ကို သေသေချာချာကြည့်တော့မှ ငယ်ရုပ်ကခပ်ရေးရေး ပေါ်လာပါ တယ်။
          ကျွန်တော်တော်တော်အံ့သြသွားမိတယ်။ ငယ်ငယ်တုန်းက သပ်သပ်ရပ်ရပ် နေတတ်၊စား တတ်တဲ့ ကောင်လေးတစ်ယောက်က ခုတော့အင်္ကျိရင်ဘတ်ဟပြဲ၊ ပုဆိုးကတိုတို၊ ပါးစပ်ထဲကကွမ်းက တဗျစ်ဗျစ်၊ လက်ကြားမှာလဲစီးကရက်တစ်လိပ်…။
          ဒီလိုနဲ့ သူ့အကြောင်းတွေစပ်စုကြည့်တော့ သူ့ဘဝကိုတဖြည်းဖြည်းသိလာရတယ်။ သူတို့ အိမ်ပြောင်းပြီး တစ်နှစ်အကြာမှာ သူ့အဖေဆုံးတယ်။အမေကလည်း မိသားစုကိုပြန်မကြည့်တော့ ကြား ထဲက ကျွန်တော့်သူငယ်ချင်းက လွတ်လပ်မှုဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့စကြုံရပြီး အတိုင်းအဆမရှိ ခံစားပစ်ပါတယ်။ အဲဒီကနေ တစ်ဆင့်တစ်ဆင့်နဲ့ ခုတော့ဒီဘဝမျိုးထိ ဖြစ်လာတယ်ဆိုပါတော့။
          စကားပြောပြီးဆိုပြီးတော့ ကျွန်တော်တို့လမ်းခွဲပြီးထွက်လာကြတယ်။ ဆေးလိပ်တွေ၊ ကွမ်း တွေ၊ အရက်တွေဖြတ်ဖို့လည်း ကျွန်တော်ကသတိပေးရတာပေါ့။ နောက်ပိုင်းကျောင်းမှာ ခဏခဏတွေ့ ဖြစ်ပါတယ်။ဒါပေမယ့်သီချင်းတွေထဲကလို “လမ်းတွေ့ပြုံးပြနှုတ်ဆက်” ဒီထက်ဘာမှပိုမလာခဲ့ပါဘူး။ ပုံစံ ချင်း မတူတော့ သူဖက်ကလည်းတွဲဖို့ အဆင်မပြေဘူးထင်ပါရဲ့။
          သိပ်မကြာဘူး။ အဲဒီနှစ်သင်္ကြန်ပါပဲ။ ကြားလိုက်ရတဲ့သတင်းက ကျွန်တော့်သူငယ်ချင်း အချုပ်ထဲမှာတဲ့။ ဘာလို့လဲ ဘာဖြစ်ကြတာလဲဆိုတော့။ အတက်နေ့မှာ အရက်မူးမူးနဲ့ ယာဉ်ထိန်းရဲ  တစ်ယောက်ကို သူတို့သူငယ်ချင်းတစ်သိုက် ဝိုင်းရိုက်ကြလို့ဆိုတာ သိလိုက်ရတယ်။ မျက်မြင်တွေ ကလည်းရှိနေပြန်၊ အဲဒီယာဉ်ထိန်းရဲလည်း တော်တော်ထိသွားတော့ အာမခံယူလို့ဘယ်လိုမှမရပါဘူး။
          ရှင်းရှင်းပြောရရင် ကျွန်တော့်သူငယ်ချင်းထောင်ကျသွားတယ်ဗျာ။ ထောင်ဝင်စာသွားတွေ့ တုန်းကဆို သူတော်တော်နောင်တရနေတဲ့အကြောင်း ကျွန်တော့်ကိုခဏခဏပြောပါတယ်။ ခုတော့သူ နဲ့ကျွန်တော် ပြန်အဆက်ပြတ်သွားပါပြီ။ ထောင်ကလွတ်တော့ သူ့မိဘတွေရဲ့ဇာတိဖြစ်တဲ့ ထားဝယ်ကို ပြန်သွားတယ်လို့ကြားမိပါတယ်။ သူ့ဖုန်းကလည်းဆက်လို့မရပါဘူး။ ကျွန်တော့်ဖုန်းကိုလည်း အခုချိန်ထိ မဆက်သွယ်ပါဘူး။
          သူ့ရဲ့အဖြစ်အပျက်မှာ သူဆိုးလို့သူထောင်ကျတာမှန်ပါတယ်။ ဒါပေမယ့် ထောင်ထွက်ဆို တာ လူငယ်တစ်ယောက်အတွက်တော့ တော်တော်ကိုကြီးမားတဲ့ အမည်းစက်ကြီးပါပဲ။ ရိုးသားကြိုးစား တဲ့ ကောင်လေးတစ်ယောက်ဟာ ခုလိုမျိုးနောင်တတွေ တစ်သီတစ်တန်းကြီးနဲ့ ရှင်သန်ရတော့မယ့် အခြေအနေဟာ သူဘာတွေလိုအပ်ခဲ့လို့ပါလဲ။
          ကျွန်တော်တို့ရဲ့ လက်ဦးဆရာဟာ မိဘနှစ်ပါးပါ။ ကျွန်တော့်သူငယ်ချင်းရဲ့ဘဝနဲ့ပဲ နှိုင်းပြ ရရင် (သူ့အဖေကတော့ စောစောစီးစီး ဆုံးပါးသွားလို့ထား) အမေဖြစ်သူကတော့ သူ့ရဲ့သားဖြစ်သူအ တွက်ကြုံလာတော့မယ့် လွတ်လပ်မှုတွေကို အထိန်းအကွပ်လေးနဲ့ခံစားတတ်ဖို့ သင်ပေးခဲ့သင့်ပါတယ်။ ဘဝတစ်ခုလုံးနဲ့ချီပြီး မှားယွင်းမယ့်အခြေအနေမျိုးမှာလည်း ရှောင်နိုင်တိမ်းနိုင်အောင် စာအုပ်စာပေတွေ နဲ့ လက်ပွန်းတတီးရှိစေခဲ့သင့်ပါတယ်။
          အတူတူပေါင်းခဲ့သင်းခဲ့သူမို့ ကျွန်တော့်သူငယ်ချင်းအကြောင်း ကောင်းကောင်းသိပါတယ်။ လိမ္မာရေးခြားရှိပြီးသူဟာ နည်းနည်းလေးပဲ ထိန်းသိမ်းပေးနိုင်ခဲ့ရင်ကို ဒီလိုအဖြစ်မျိုးနဲ့ ကြုံမှာမဟုတ် ပါဘူး။တကယ့်တကယ်ဖြစ်သွားခဲ့တာဟာ သူ့ကိုဂျင်ပေါက်တတ်အောင် သင်ကြားပေးမယ့်သူ မရှိခဲ့တာ ရယ်၊ သူကလည်းကျင့်သားမရခင်မှာ ဂျင်ကိုအလောတကြီး ပေါက်ခဲ့မိတာရယ်ဟာ ဒီအဖြစ်အပျက်မျိုး ဖန်လာစေမယ့် အကြောင်းအရင်းတွေပါ။
          ကျန်တဲ့သူငယ်ချင်းတွေ အကြောင်းလဲရှိပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် တွေကျ၊ ကလေးတွေရပြီး အဆင်မပြေဖြစ်လာတော့မှ နောင်တရကြသူတွေ။ အရက်နဲ့လောင်းကစား ဖက်မိလို့ ဒုက္ခရောက်ကြသူတွေ။ သူတို့တွေအကြောင်းကိုတော့ တစ်ခုချင်းစီ အကျယ်မချဲ့လိုတော့ပါ ဘူး။
          လူငယ်တွေအကြောင်းကိုပဲ ပြောနေတာမို့ လူကြီးတွေကရော မမှားနိုင်ဘူးလား။ မဟုတ် ပါဘူး။ သူတို့တွေလည်း မှားနိုင်ကြတာပါပဲ။ တရားသူကြီးတွေ အဂတိ၎ပါးလိုက်စားမိလို့ နာမည်ပျက် ကြီးနဲ့ တစ်ဘဝလုံး အရိုးထုတ်သွားရတာ၊ မယားကြီးရှိရက်နဲ့ အငယ်အနှောင်းထားမိလို့ လူပုံအလည် မှာ မျက်နှာမဖော်ဝံ့တော့တာ။ ဒါတွေဟာ ကျွန်တော်တို့ နားရည်ဝနေတဲ့ အဖြစ်အပျက်တွေပါ။ ဒါတွေ ဟာ လက်သားမကျခင်မှာပေါက်မိခဲ့လို့ လွင့်စင်သွားခဲ့တဲ့ ဘဝတချို့ရဲ့ ပုံရိပ်တွေပါ။
          မုဆိုးတစ်ဦးဟာ သူကျွမ်းကျင်တဲ့တောမှာ အမဲလိုက်တယ်။ ဒီအခြေအနေမှာတာ့ သူဟာ မုဆိုးပါပဲ။ ဒါပေမယ့် သူမကျွမ်းကျင်တဲ့ နယ်မြေရောက်သွားရင်တော့ ခြေစချဖို့တောင်မှ စဉ်းစားသင့်ပါ တယ်။ ကိုယ်မကျွမ်းကျင်တဲ့နယ်မြေမှာ အမှားလုပ်မိဖို့ဆိုတာ အင်မတန်လွယ်ကူတဲ့အရာမဟုတ်လား။ သိလိုစိတ်တွေအရင်းခံတယ်ပဲဆိုဆို ကိုယ်မကျွမ်းကျင်ခင်မှာတော့ တချို့အရာတွေကိုမစပ်စုမိဖို့ သတိ အတန်တန်ထားရမှာပါ။
          လောကကြီးမှာ (စာအုပ်စာပေတွေ ဖတ်တာအပြင်) စာဖတ်နည်းပေါင်း မြောက်များစွာရှိပါ တယ်။ ခရီးသွားတာဟာ စာဖတ်တာပါ။ “သက်ကြီးစကားသက်ငယ်ကြား”တာဟာ စာဖတ်တာပါ။
          ဆိုလိုချင်တာဟာ ဘယ်အရာပဲဖြစ်ဖြစ် လိုချင်တာအကုန် ရှာဖွေလို့ရပါတယ်။ ကိုယ်ကအဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ လေ့လာပြီးပြီလား။ ဒါဆို နောက်တစ်ဆင့်တက်ပါ။”ဒီအလုပ်လုပ်သင့် သလား”။
          သေချာပါတယ်။ ကိုယ့်လေ့လာမှုတွေဟာ အချည်းနှီးမဖြစ်ပါဘူး။ ကိုယ်မှားနေလား၊မှန်နေ လားဆိုတာ အဲဒီကိစ္စကို လေ့လာထားတဲ့ ဘယ်သူမဆို သေချာပေါက်သိပါတယ်။
          မိုက်တွင်းနက်သူမို့ မှားနေမှန်းသိတာတောင် ဇွတ်တိုးတယ်ထား။ ဘာမှမသိပဲ လက်တည့် စမ်းခဲ့တဲ့ သူတွေလောက်တော့ အခြေအနေမဆိုးပါဘူး။ သူ့အရှိန်သေရင် သူ့အလိုလိုရပ်သွားမယ်။ ဒါ ပေမယ့် သူ့ဟန်ချက်သူထိန်းနိုင်ပါမယ်။ သူ့အနာဂတ်ဟာ မလွင့်မစင်ပါဘူး။
          ကိုယ်ဟာကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ မိဘဆွေမျိုးနဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်ဘဝရဲ့ အထိန်းအကွပ်တွေပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ။ နယ်မြေသစ်တစ်ခုကို ခြေစချရတော့မယ်ဆိုရင် ခြေ မချခင်မှာ အဲဒီနယ်မြေနဲ့ အကျွမ်းတဝင်ရှိထားဖို့တော့လိုပါမယ်။ သာမန်ဂျင်တစ်လုံးကို လက်သားမကျ ခင်မှာပေါက်လို့တော့ ခပ်လှမ်းလှမ်းကိုသွားကောက်ရရုံပဲရှိမှာပါ။ ဘဝဆိုတဲ့ဂျင်ကိုတော့ လက်သားမကျ ခင်မှာပေါက်မိရင် ကိုယ့်ရဲ့အနာဂတ်တွေအားလုံး လွင့်စင်ကုန်ပါလိမ့်မယ်။

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s