နှင်းပွင့်ရစ်သမ်

အစကိုက မကောင်းခဲ့လို့
အနှောင်းဟာလည်း မသေချာလေတဲ့ဘဝ။

လက်ယက်တွင်းလေးတစ်တွင်း……
နှစ်ပေါက်အောင်တူးခဲ့ပေမယ့်
အဲဒီရေက အခုချိန်ထိကို မကြည်နိုင်ခဲ့ဘူး။

မမှီဘူးဆိုမှတော့ တုံးလည်းမခုသင့်တာဓမ္မတာ။
ဥယျာဉ်ငယ်လေးရဲ့ ဧကရာဇ်ဆိုပေမယ့်
ခုနှစ်ဆောင်ဘုံနန်းမှာ ခစားဖို့အထိတော့
(ထိပ်ထားနဲ့ငါ့ကြား)
သံသရာအဆက်ဆက်ခြားထားလေရဲ့။

တကယ်ဆိုနင်သိမှာပါ ထိပ်ထားရယ်။
အရိုးသားဆုံး ဝန်ခံရရင်
နင့်ကို ငါလေ……………………။

***  ***  ***  ***  ***  ***  ***  *** 

စကားတွေပြောနေပေမယ့်
ဘဝတွေကတော့
ကိန်းဂဏန်းတွေချီပြီးတော့ကိုခြားတယ်။

ထောက်ထားတဲ့ဒူးနှစ်ဖက်က
၉၀ဒီဂရီ ညွှတ်ကွေး
ဒီလို ခပ်ဖြည်းဖြည်းလေး ဆွေးနေရရင်ကို
ဘဝကနေပျော်ပြီကွယ်။

ဆူးခက်တွေမရှိတဲ့နှင်းဆီအတွက်
ဂန္တဝင်ကဗျာတစ်ပုဒ်လောက်တော့
ငါစပ်ဆိုခဲ့ချင်သားထိပ်ထားရယ်။
မျှော်လင့်နေရတဲ့ဘဝပေမယ့်
ပူဇော်ခွင့်ဆိုတာလည်း ငါ့အတွက်တော့ ကျန်ဦးမှာပါ။

စိတ်ကူးတွေကို ကောင်းကင်ယံထိ ရွက်လွှင့်ကြည့်
တိတိပပ သိခဲ့ရတာက
သူမဆံနွယ်လေအပင့်မှာတင်
ငါ့ဘဝတစ်ခုလုံးလွင့်စင်ခဲ့ရတယ် ဆိုတာပဲ။

မျှော်သူမောတယ်………။
ဂျစ်ပစီတစ်ယောက်ရဲ့ဆန္ဒဆိုတာ
လူပုံအလယ်မှာ ချပြခံရလောက်အောင်
ကြီးကျယ်လေတာမှ မဟုတ်ပဲကွယ်။

တဖွဲ့တနွဲ့နဲ့ တေးကိုသီ…။
အဲဒီ ဥသြလောက် ရင်ဖွင့်ခွင့် ရရင်ကို
လူဖြစ်ကျိုး အတော်နပ်လှပြီ။

***  ***  ***  ***  ***  ***  ***  *** 

ညက အိပ်မက်တစ်ခုမက်တယ်။
အိပ်မက်ထဲမှာ ငါက ကျိန်စာတစ်ထုပ်ကိုရွက်လို့
နင့်နာမည်ကို တကြော်ကြော်ခေါ်နေခဲ့တယ်ဆိုပဲ။

ငါဟာ အဲဒီလိုကောင်ပါထိပ်ထားရယ်။
နာကျင်ရမယ်မှန်း သိတာတောင်
ငရဲပန်းကိုပန်ဖို့ဆို ဘယ်တော့မှမတွန့်ဆုတ်ခဲ့ဘူးကွဲ့။

ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံမှာ
အဆိပ်တစ်ချို့ သုတ်လူးထားတယ်။
အတန်တန်တားနေတဲ့ကြားကမှ
ငါဟာ…”ပင်ဒိုရာ”အိုးကို
ဖွင့်ဖြစ်အောင်ဖွင့်ခဲ့မိတဲ့ ငမိုက်သားပါကွယ်။

***  ***  ***  ***  ***  ***  ***  *** 

စံပယ်တစ်ပွင့်လို
ဖြူဖြူစင်စင်ချစ်တယ် ထိပ်ထားရယ်။
အဲဒီအတွက်လည်း…………
(ငါ့ရင်ဘတ်ထဲ ခွဲဝင်လာမယ့်
အဲဒီ တစ်စုံတစ်ရာအတွက်လည်း)
ကြည်ကြည်သာသာ တံခါးဖွင့်ထားပါရဲ့။

စီပါ၊ ရီပါ၊ သီပါ ထိပ်ထား။
ပန်းကုံးလေးအသွင်နဲ့
တစ်ခဏစာလောက် နင့်အလှအတွက်ပါရမီဖြည့်
ဦးဆွေးဆံမြည့် အသုံးတော်ခံနိုင်ခဲ့ရင်ကိုပဲ
ကျေနပ်ရမယ့်ဘဝသာဖြစ်ပါတယ်။

***  ***  ***  ***  ***  ***  ***  *** 

နက္ခတ်တို့ရဲ့ ဘာသာဗေဒနဲ့
ဘယ်ကြယ်တစ်စင်းကများ
လမင်းကိုချစ်ကြောင်း ဖွင့်ဟခဲ့ဖူးသလဲ ထိပ်ထား။

ဒီကောင်ကမှ ကျောက်သားထက်မှာအက္ခရာတင်
တိုင်းပြည်တစ်ခွင်ကို ကြေငြာတဲ့အထိ
မေ့မေ့မူးမူး ရူးခဲ့ရှာတယ်။

ဒါကိုမြင်တော့ ငါကိုယ်တိုင် ပျိုးခဲ့တဲ့
သရက်ပင်ပျိုက ငါ့ကိုရယ်တယ်။
လက်ညှိုးထိုးလည်း ခံရမှာပေါ့ထိပ်ထားရယ်။
အဆိပ်ခွက်မှန်း သိခဲ့တာတောင်
တရှိက်မက်မက်နဲ့ မွတ်သိပ်
ငါဟာ အန္ဓတို့ရဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့တယ်မဟုတ်လား။

***  ***  ***  ***  ***  ***  ***  *** 

တစ်ကယ်တော့ ကိုယ်ဟာ ………
“သစ္စာပန်း”ပျိုးသူပါကွယ်။
ဘာအပွင့် ပွင့်မယ်ဆိုတာ
မသိခင်ကတည်းကကို
မျက်ရည်အစက်စက်သွန်းလောင်းရင်း
အခက်အလက်တွေ ဝေဆာစေခဲ့တယ်။

ထွေထွေထူးထူး ရွယ်စူးခဲ့ရတဲ့
အဆင်အသွေး မဟုတ်ခဲ့ရင်တောင်
နေ၊ရေ၊လေ အုပ်မိုး
မညှိုးနွမ်းအောင် စောင့်ရှောက်ခဲ့ရတဲ့ဘဝကို
ရောင့်ရဲသင့်ခဲ့ပေါ့………။

လေနုက မနော့ပါဘူး……………။
လေကြမ်းကသာ (ငါ့ဘဝကို) ဆော့ခဲ့တယ်။
ခုတော့လည်း ဒီဥယျာဥင်္မှာ
(ငါဟာ) ဧဝမရှိတဲ့ အာဒမ်သာ ဖြစ်တယ်။

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s