Monthly Archives: April 2015

၃၀ကျော်ဝါဒ

မအားလို့ မတားတာပါ။
မမိုက်လို့ မခိုက်တာပါ။
တက္ကစီဆိုတာ ဘဝမှာပေါလွန်းလို့။

လိုချင်ရင် လက်ဖျစ်တစ်ချက်ခေါက်
ဟောဒီ ခြေဖဝါးအောက်
ပြိုင်ကားအစင်းစင်း ရောက်လာလိမ့်မယ်။

Celebrity မဟုတ်ဘူး။
ဒါပေမယ့် မိတ်ဆက်စာတွေကိုတော့
ဌာနတစ်ခုဖွင့်ပြီး ပြန်ဖြေပေးနေရတယ်။

လက်ဆောင်တွေချည်း
သီးသန့်ထည့်တဲ့ စတိုခန်း။
လကုန်လို့ ဂိုဒေါင်ရှင်းရင်
Containerတစ်စင်းရှိမှအဆင်ပြေတယ်။

“မြီးကောင်ပေါက်ဆယ်ကျော်သက်လေးတွေက
ရေလည်လန်းနေတဲ့ခေတ်ကြီးနော်”တဲ့။
စေတနာကို လေးစားပေမယ့်
အသာအယာပဲ လွှတ်ထားပေးလိုက်တယ်။

ပျံပါစေ………။
မကျန်ခဲ့ဘူးဆိုတာ
ကိုယ့်ကိုယ်ကိုသိတာပဲ။
ငုဝါတွေ ဖြာဖြာဝေတယ်ဆိုတာ
ပိတောက်တွေ တစ်ခါတစ်ခါကြွေရုံလောက်ပဲရှိတာပါ။

image

ဝေးသူ

သွေ့ခြောက်ခြောက်အခန်းလေးနဲ့
အေးတိအေးစက် အထိအတွေ့တို့က
(ငါ့ကို) အရင်ဆုံး ခရီးဦးကြိုပြုတယ်။

ဒီမနက်ခင်းမှပဲ
နေခြည်တွေက မလန်းမဆန်း
စာသင်ခန်းထဲက လမင်းလေးလဲ
ငါ့ဘေးနား ဒီနေ့မသာဘူးကွယ်။

အခန်းထဲက မီးရောင်တွေက
အခုမှပဲ လင်းလိုက်မှိတ်လိုက်
္နဒီနေ့ကျ အရာရာက
ငါ့အတွက် အုံ့မှိုင်းလွန်းနေခဲ့တယ်။

ဝှိုက်ဘုတ်ကို ငေးကြည့်နေပေမယ့်
ငါ့စိတ်တွေကတော့ ပျံ့လွင့်ဝေဝါး
လက်ချာစာအုပ်ထဲ
အထပ်ထပ်အခါခါ ချရေးထားတာ
နင့်နာမည်လေးတစ်လုံးတည်းပေါ့ကွယ်။

လွမ်းတယ်…ကောင်မလေးရယ်။
ဘယ်အလင်္ကာတွေ ဘယ်လိုဆောင်ဆောင်
ဒီကောင်တစ်ယောက်ကတော့
နေမမြင့်ခင်မှာတင် အရူးရင့်နေပါရဲ့။

ဘယ်နတ်ဘုရားရဲ့ခံနိုင်ရည်မျိုးနဲ့
ဒီအခြေအနေကို ကြံ့ကြံ့ခံထားရမှာတဲ့လဲ။
ပုစဉ်းတစ်ကောင်ရဲ့တမ်းတခြင်းနဲ့
ဥသြတစ်ကောင်ရဲ့လွမ်းဆွတ်ခြင်းတို့က
ငါ့စိတ်အစဉ်ကို စီးမိုးထားတယ်။

ထားပါကွယ်………။
ဒီတစ်နေ့လုံးတော့
ပင့်သက်တစ်စုံ ရှိုက်မိတိုင်း
ငါ့နှုတ်ခမ်းဖျားထက်မှာ
တစ်ခွန်းတည်းသောစကားကိုသာ
ထမ်းပိုးစေမိလိမ့်မယ်။
“ငါ
    နင့်ကို
           အရမ်းလွမ်းတယ်”

image