မော်ဒန်ရန်ပွဲ
          ငှက်ရိုးတို့နိုင်ငံက ရန်များသည်။ ထစ်ခနဲဆို လက်နှင့်ရှင်းတတ်ကြသည်။ စေ့စပ်ညှိနှိုင်းရန် ထက် အင်အားသုံးဖြိုခွင်းရန်ကိုသာ တော်တော်များများက စိတ်အားထက်သန်ကြသည်။
          ရန်ဖြစ်ရခြင်းအကြောင်းတွေကို အမျိုးအစားခွဲကြည့်လျှင်တော့ အမျိုးအစားကအတော်ပင် စုံလင်လေသည်။
          တစ်ချို့ကတော့ အကြားမှား၍ရန်ဖြစ်ကြသည်။ ဥပမာ- ကိုယ်က ဖျာသည်တစ်ယောက်ကို လှမ်းတွေ့လိုက်သဖြင့် “ဖျာသည်…လာဦး”ဟု လှမ်းခေါ်သည်ကို ဈေးသည်မှ”ယပင့်ပြုတ်သံ”ကြားသွား သဖြင့် ရန်ဖြစ်ရသလိုမျိုးဖြစ်သည်။
          တစ်ချို့ကတော့ အပြောမတတ်သဖြင့် ရန်ဖြစ်ကြသည်။ စက်ဘီးအတိုက်၊ ခွေးအကိုက်ခံ ရသဖြင့် ထော့နဲ့ထော့နဲ့ဖြစ်နေသူကိုမှ “အကိုကြီး…ကျန်းမာရဲ့နော်”ဟု သွားမေးမိသဖြင့် ရန်ဖြစ်ရပုံမျိုး ဖြစ်သည်။
          တစ်ချို့ကတော့ နှုတ်နှင့်ဆွေးနွေးရာမှ အရှိန်မထိန်းနိုင်ပဲ လက်နှင့်ပါဆွေးနွေးကြသည်။
          ဒီအကြောင်းကို အသေအချာရှင်းပြမည်။
          ဘယ်သူသွားသွားမသွားသွား ဓမ္မာရုံသို့တစ်ရက်တစ်ခေါက်တော့ ငှက်ရိုးမှန်မှန်သွားသည်။ ရပ်ကွက်ထဲက အဖိုးကြီးများ၏ တရားဝိုင်းကို စိတ်ဝင်စား၍ဖြစ်သည်။
          သုံးစားလို့ရတာ၊မရတာကအသာထား။ ကွမ်းတမြုံ့မြုံ့၊ ဗိုက်တရွှဲရွှဲအဘိုးကြီးတစ်ယောက် (ဘာမှမလုပ်ပဲ) စာထိုင်ဖတ်နေလျှင်တောင် ကြောက်ကြရသည်။ အဘဟုသာခြောက်လိုက်။ ငိုနေသည့် ကလေး ချက်ချင်းအငိုတိတ်သည်။ လူမမာဆို ချက်ချင်းမျက်ဖြူဆိုက်သည်။ နှလုံးရောဂါသည်ဖြစ်ပါက အသက်ပါချက်ချင်းပါသည်။ ထိုမျှအထိ အဘများအစွမ်းထက်သည်။
          ငှက်ရိုးကတော့ အဘများကို သိပ်မကြောက်။ အနီးကပ်နေပါများတော့ အီးပေါလောကြီး တွေမှန်း သိလာတာလဲပါလိမ့်မည်။
          သူတို့တရားဝိုင်းစစချင်းတော့ ငှက်ရိုးချောင်တစ်ချောင်တွင်ခွေနေသည်။ တရားဝိုင်း အရှိန် နည်းနည်းမြင့်မှ ငှက်ရိုးထသည်။ အရှိန်မြင့်မမြင့်ကတော့ အဘတို့၏volumeကို နားထောင်ကြည့်လျှင် သိနိုင်သည်။ အသံကတိုးတိုးဖျော့ဖျော့နှင့် အာသဝေါကုန်ခန်းနေဟန်ဆို အခုမှအစသာရှိလိမ့်ဦးမည်။ အသံနည်းနည်းကျယ်လာမည်။ ဒါဆိုလျှင်တော့ အရှိန်နည်းနည်းတက်လာပြီဟု ပြောလို့ရသည်။ သွား ကိုတင်းတင်းစေ့၊ အံကိုတင်းတင်းကြိတ်ပြီး စကားပြောသံ ကြားရပြီဆိုလျှင်တော့ ပန်းတိုင်ရောက်ရန် သိပ်မဝေးတော့။ ဒိဋ္ဌိ၊ မိစ္ဆာဝါဒီ၊ အန္ဓ၊ လူ့ပေါက်ပန်း စသည့်အသံများကြားလေပြီ။ ဒီအချိန်ရောက်  လျှင်တော့ ငှက်ရိုးပျော်လေသည်။ သိပ်စောင့်စရာမလို။ သိပ်မကြာခင်မှာတင် ဝုန်းဒိုင်းကြဲသံများကြားရ ပြီး အဘိုးကြီးများ ဓမ္မာရုံပေါ်က ဆင်းသွားကြလိမ့်မည်။
          ဒါသည်ပင် ငှက်ရိုးစောင့်နေသည့် Targetဖြစ်သည်။ ထိုအဘိုးကြီးများဆင်းသွားလျှင် ခုန တရားဝိုင်းလုပ်သည့်နေရာကိုသွားကြည့်။ ရေနွေးအိုးအပိန်များ၊ ပန်းကန်အကွဲများ၊ ဗန်းအပိန်များကို တွေ့ရလိမ့်မည်။ ဒီလောက်ဆို ငှက်ရိုးနှစ်ပတ်စာပီကေဖိုး လုံလောက်လေသည်။
          ငှက်ရိုးတို့နိုင်ငံက ဆွေးနွေးရာတွင် ဤမျှအထုံပါကြသည်။ တစ်ချို့ကျတော့ မီဒီယာ တွေကိုရှေ့ထားရင်း ဆွေးနွေးကြတုန်းရှိသေးသည် အနောက်က ပယ်ပယ်နယ်နယ်ဆော်နေကြသည်။ ဒီဖက်က ငြိမ်းချမ်းရေးအတွက် လက်မှတ်မထိုးနိုင်သေး ဟိုဖက်ကတော့ လက်နက်တာဝန်ခံဆီက လက်နက်ထုတ်ရန် လက်မှတ်များဥဒဟိုလာထိုးကြလေသည်။
          တစ်ချို့ကျပြန်တော့လည်း တစ်ဖက်တည်းနှင့် ရန်ဖြစ်ရတာ အားမရ၍လားမသိ။ “တို့တွေ ရန်မဖြစ်ကြတော့ဘူးနော်”ဟု သဘောတူထားပြီးသားသူများနှင့်လည်း ရန်ပြန်ဖြစ်ကြသည်။ အံ့သြပေစွ။ ထူးဆန်းပေစွ။ ကတိဆိုသည်မှာ ထိုသို့မှောက်လိုမှောက်၊လှန်လိုလှန်လုပ်လို့ရမှန်း ငှက်ရိုးအစကမသိခဲ့။
          ဒီလိုကိစ္စမျိုးတွေဖြစ်လာတော့ ဆွေးနွေးရာ၌လည်း တွေ့ကရာလူနှင့် မဆွေးနွေးသင့်မှန်း ငှက်ရိုးနားလည်လာသည်။ တစ်ချို့ကတော့ ကိုယ်နှင့်ဆွေးနွေးသူမှာ ဘယ်လိုလူစားမျိုးလဲ မလေ့လာပဲ သွားဆွေးနွေးမိသဖြင့် ပုဆိုးအလှန်ပြခံရတော့မလို၊ ပါးအရိုက်ခံရတော့မလိုပင် ဖြစ်ကုန်ကြသည်။
          ငှက်ရိုးကတော့ ပုဆိုးအလှန်ပြခံရတာထက် ပါးအရိုက်ခံရတာက ပိုကောင်းလိမ့်မည်ဟု ထင်သည်။ ဘယ်လောက်ပဲနယ်လှည့်ပြီးပါးရိုက်လာလာ ပါးအရိုက်ခံရသည့်ဒဏ်က အလွန်ဆုံးခံရပါမှ တစ်ပတ်သာ။ ပုဆိုးအလှန်ပြခံရလျှင်တော့ အခန့်မသင့်ပါက လနှင့်ချီပြီး ထမင်းစားပျက်သွားနိုင်သည်။
          ယခုတလော နိုင်ငံရေးအခြေအနေကလည်း သိပ်မငြိမ်သက်။ ဟိုနားကတိုက်ပွဲဖြစ်လိုက်၊ ဒီနားတိုက်ပွဲဖြစ်လိုက်ဖြစ်နေသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် လူလျှော့နေကြသည်လားတော့ ငှက်ရိုးမပြောတတ်။
          ဒီအတိုင်းဆိုလျှင်တော့ နုပျိုသောစစ်သားများထက် အိုမင်းရွတ်တွနေသော “အဘ”များက ပိုသင့်တော်သည်ဟု ငှက်ရိုးထင်သည်။ ဒီအတိုင်းလဲ အဆီပိတ်ပြီးသေမယ့်အတူတူတော့ (နည်းနည်းပဲ ဖြစ်ဖြစ်) နာမည်ကောင်းလေးယူသွားကြစေချင်သည်။
          ဒါက ငှက်ရိုးစေတနာသာဖြစ်သည်။ လက်ခံတာ၊မခံတာတော့ ကာယကံရှင်နဲ့သာဆိုင်၏။ အိမ်ဘေးနားက အသက်၇၅နှစ်အရွယ် သင်္ဘောသား”အဘ”တစ်ယောက်ကိုတော့ ထိုစေတနာလေး သွားပေးဖူးသည်။ “ငါ”ချင်းထပ်အောင်ဆဲပြီး ရေနွေးအိုးနှင့်ကောက်ပေါက်သဖြင့် မနည်းလွတ်အောင် ပြေးခဲ့ရဖူးသည်။ ၄င်းအချိန်ကတည်းကစ၍ “စေတနာသည် လူတိုင်းနှင့်မတန်” ဟူသောဆောင်ပုဒ်ကို အကြွင်းမဲ့ယုံကြည်သွား၏။
          ငှက်ရိုးက ရန်ဖြစ်ရတာဝါသနာပါသည်။ မူလတန်းကတည်းက စီခနဲဆို ငှက်ရိုးလက်ချက် မှန်း ကျောင်းအုပ်ကအစသိသည်။ ကိုယ်တိုင်လဲရန်ဖြစ်သလို ရန်ပွဲမြင်လည်း စိတ်ဝင်တစားထိုင်ကြည့် တတ်သည်။ နောက်ဆုံး မျက်စေ့ရှေ့ခွေးနှစ်ကောင်ကိုက်နေလျှင်တောင် “ကိုက်ဟညိုကြီးရ””လေးလုံး ရေ ဂုတ်ကိုခဲထား”ဟု လက်သီးလက်မောင်းတန်းကာ အားပေးတတ်သူဖြစ်သည်။
          ဒီလိုဇမသေးသည့်ငှက်ရိုးက တိုက်ပွဲအကြောင်း ညဖက်သတင်းထဲပါလာတိုင်း ထမင်းမေ့ ဟင်းမေ့ နားထောင်တတ်သည်။ သတင်းစာတွေထဲ ပြူးပြူးပြဲပြဲလိုက်ရှာတတ်သည်။ တိုက်ပွဲဆိုသည် မှာလည်း သာမန်ထက်ထူးသည့် လက်နက်များသုံးပြီးဖြစ်ရသည့် ရန်ပွဲတစ်ပွဲဟုပင် ငှက်ရိုးရှုမြင်သည်။
          ကြာလာတော့ တီဗွီကလွှင့်သည့် သတင်းများနှင့်တင် ငှက်ရိုးအားမရနိုင်။ ဖွဘုတ်ပေါ်မှာပါ ငှက်ရိုးလိုက်ရှာသည်။
          ဖွဘုတ်မှသတင်းများက တီဗွီထက်ပိုစုံသည်။ ခြေပြတ်လက်ပြတ် သွေးသံရဲရဲများ၊ ကျဆုံး စစ်သည်တို့၏ ရုပ်ကလာပ်များ၊ တိုက်ပွဲဝင်ယန္တရားများအား စမ်းသပ်ပစ်ခတ်ပုံများ စသည်တို့ဖြင့် ပိုမို မြိုင်ဆိုင်လေသည်။
          အချို့တပ်မတော်သားများကလည်း (စစ်မြေပြင်တွင်တော့မသိ) အနှီဖွဘုတ်ပေါ်တွင်တော့ အတော်တာဝန်ကျေသည်။ ၄င်းသိရသမျှ နောက်ဆုံးရတိုက်ပွဲသတင်းမျိုးစုံကို မီဒီယာကြီးတစ်ခုသဖွယ် အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးတတ်သည်။
          ဒီကြားထဲ တပ်မတော်သားများ၏အရေးပါအရာရောက်မှုကို လူထုထင်သာမြင်သာရှိစေရန် တစ်ခါတစ်ခါဆို ကျဆုံးစစ်သည်များကိုယ်စား သေတမ်းစာတို့၊ နှုတ်ဆက်စကားတို့ပင် ကိုယ့်စာကိုယ်စီ ကိုယ့်ဇာတ်ညွှန်းကိုယ်ရိုက်ပြီး ရေးလိုက်သေးသည်။ ဘာရယ်တော့မဟုတ်”ကြက်တူရွေးကတော်တော်၊ မယ်ဘော်ကကဲကဲ”ဟူသည့် စကားပုံတောင်သတိရမိသေးသည်။
          အချုပ်ဆိုရသော် ထိုဇာတ်ညွှန်းကို ဖတ်ပြီးသည့်နောက်တွင် ၄င်းအဆိုကိုထောက်ခံသူနှင့် ကန့်ကွက်သူဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းကွဲသွားသည်။
          ထောက်ခံသူများကတော့ ထင်သာမြင်သာရှိစေရန် မီးဝိုင်းထိုးသည်။ အထိုးမတတ်တော့ အိုဗာတွေတင်းလာသည်။ အိုဗာတွေတင်းလာကြတော့ ဖွဘုတ်ယဉ်ကျေးမှုအရ ကန့်ကွက်သူများက ဝိုင်းဆဲသည်။ တစ်ဖန် ထောက်ခံသူများသမဂ္ဂကလည်း ကန့်ကွက်သူများကော်မတီကိုပြန်ဆဲကြသည်။ ထိုသို့ဖြင့် အဆဲသံသရာတစ်ပတ်လည်လေသည်။
          ထိုအဖြစ်အပျက်များမှတဆင့် “ရန်ပွဲဂျန်နရေးရှင်း” အသစ်တစ်မျိုး ဖြစ်ပေါ်လာတော့သည်။ နဂိုကတည်းက ရန်ပွဲဆိုစိတ်ဝင်စားတတ်သောငှက်ရိုးလည်း ထိုဖွဘုတ်ရန်ပွဲအတွင်း ပါဝင်ဆင်နွှဲသည်။
          ဖွဘုတ်ရန်ပွဲက တစ်မျိုးတော့ကောင်းသည်။ ရန်ကိုကြိုက်သလောက်ဖြစ် billသာကုန်မည် ဆေးဖိုးတော့မကုန်။ ဒါ့အပြင် ဖုန်းလေးတစ်လုံးနှင့် ရန်ဖြစ်ရသည်ဆိုတော့ ရန်ဖြစ်ရတာဣနြေ္ဒရသည်။
          အမှန်တကယ်ဆို ယခုလက်ရှိတိုက်ပွဲဖြစ်နေသောစစ်သည်တို့ကို သေနတ်အစား ဖုန်းများ ပေးကိုင်သင့်သည်။ နောက်ပြီးရင်လည်း နှစ်ဖက်သောခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်ကြမည့်အတူတူ ကြားထဲကနှစ်ဖက်စစ်သားတွေ သေနတ်ထမ်းရတာလေးသည်။
          နဂိုတည်းကမှ အသားတွေမည်းရသည့်ကြားထဲ ချွေးတလုံးလုံး၊ ဖုန်တလူးလူးနှင့်ဆိုတော့ ငါးကျည်းခြောက်မီးကျွမ်းပြီး မှိုတက်နေသည့်ရုပ်တွေလိုဖြစ်နေသည်။ သေနတ်သံတွေအမြောက်သံတွေ ကလည်း အချိန်ပြည့်ကြားနေရသည်။ ဒီကြားထဲ တစ်ဖက်နှင့်တစ်ဖက် အချစ်စမ်းကာ ကျီစယ်ထားကြ သည့် မြေမြှုပ်မိုင်းများကလည်း ရှိနေလေရာ လမ်းကိုတောင်မှ မနည်းသတိထားပြီးလျှောက်ရသည်။ သတိမထားလို့မရ အခန့်မသင့်ပါက ရပ်ကွက်တကာလှည့်၍ စာအုပ်ရောင်းသွားရနိုင်သည်။
          ဆိုလိုချင်သည်ကတော့ သေနတ်ကိုင်ပြီးရန်ဖြစ်ရခြင်းမှာ ဖုန်းကိုင်ပြီးရန်ဖြစ်ရခြင်းလောက် မငြိမ့်ညောင်းသည်ကို နှစ်ဖက်တာဝန်ရှိသူများ ကွက်ကွက်ကွင်းကွင်းသိစေလိုခြင်းဖြစ်သည်။
          တခြားရှည်ရှည်ဝေးဝေး ကြည့်စရာမလို။ ငှက်ရိုးကိုကြည့်ရုံနှင့် ရန်ပွဲနှစ်မျိုး မည်သို့ကွာခြား သည်ကို အသေအချာသိနိုင်သည်။ 
          ယခင်က တာတေလန်အောင်ဆိုးသော ငှက်ရိုးလည်း ယခုဆို ငြိမ်ချက်သားကောင်းသွား သည်။ ရဲစခန်းလဲမသွားရတော့၊ ခံဝန်လဲမထိုးရတော့၊ ထိပ်ပေါက်ခေါင်းကွဲလည်း မဖြစ်တော့။ သို့သော် ရန်ကတော့ဖြစ်နေဆဲပင်။ အပြင်နှင့် အွန်လိုင်းပေါ်သာကွာလေသည်။       
ပရော်ဖက်ဆာဒေါက်တာငှက်ရိုး
(၂၉.၄.၂၀၁၅)  
image
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s